Post main image

စစ်အာဏာသိမ်းခြင်းက မြန်မာနိုင်ငံကို ရာသီဥတုအန္တရာယ်လမ်းကြောင်းပေါ်သို့ တွန်းပိုခဲ့

အခြားဖွံ့ဖြိုးဆဲ နိုင်ငံများကဲ့သို့ မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှု၏ ရိုက်ခတ်မှုဒဏ်ကို မမျှတစွာ တွေ့ကြုံခံစားနေရသည်။ အာရှတိုက်ရှိ စက်မှုလုပ်ငန်းအနည်းဆုံးနိုင်ငံများမှ တစ်နိုင်ငံဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုတွင် အနည်းငယ်သာ ပါဝင်နေသော်လည်း ကမ္ဘာကြီးပူနွေးလာမှု၏ သက်ရောက်မှုများကိုမူ သိသာစွာ ထိခိုက်ခံစားရ လျက်ရှိသည်။

မြန်မာနိုင်ငံသည် နှစ်စဉ်နီးပါး ကမ်းရိုးတန်းဒေသများတွင် ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နေရပြီး ယခင်က မြေသြဇာကောင်းသော မြေဆီလွှာများကို ဆားငံရည်ကြောင့် ပျက်စီးလျက်ရှိကာ နိုင်ငံ၏ အလယ်ပိုင်း လွင်ပြင်ဒေသများတွင်လည်း မိုးခေါင်ရေရှားပါးမှုများ ကြုံတွေ့နေရသည်။ တစ်ချိန်တည်းတွင် တနင်္သာရီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်ကဲ့သို့သော ဒေသများတွင် မူမမှန်သော မိုးရွာသွန်းမှုပုံစံများကို တွေ့ကြုံရပြီး မုတ်သုံကာလပိုမိုတိုတောင်းပြီး ပိုမိုပြင်းထန်သော မိုးရွာသွန်းမှုပုံစံများသည် တောင်သူလယ်သမားများအား စိုက်ပျိုးရေး အစီအစဉ်ဆွဲရန် ခက်ခဲစေကာ စိုက်ခင်းများကို မကြာခဏ ပျက်စီးစေသည်။

နိုင်ငံတစ်ဝန်းတွင်လည်း အပူချိန်များ မြင့်တတ်လျက်ရှိသည်။ ကမ္ဘာလုံးဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ WWF နှင့် မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန တို့၏ ၂၀၁၇ ခု နှစ်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ ၁၉၈၁ ခုနှစ်နှစ် မှ ၂၀၁၀ ပြည့်နှစ်အတွင်း နေ့စဉ် ပျမ်းမျှအပူချိန်သည် ၁၀ စုနှစ် တစ်စုလျှင် ၀.၂၅ ဒီဂရီ ဆဲလ်စီးယက် ခန့် မြင့်တတ်လျက်ရှိကြောင်း သိရှိရသည်။ ၂၀၂၀ ပြည့်နှစ် မေလ အတွင်း မကွေးတိုင်းဒေသကြီးအတွင်းရှိ အလယ်ပိုင်းပူပြင်းခြောက်သွေ့သော ဒေသရှိ ချောက်မြို့တွင် ၄၇.၅ ဒီဂရီ ဆဲလ်စီးယက် အထိ မြင့်တတ်ခဲ့ကြောင့် မှတ်တမ်းတင်ထားရှိခဲ့သည်။

ဂျာမနီနိုင်ငံမှ အကျိုးအမြတ်အတွက်မဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည့် Germanwatch မှထုတ်ဝေသော ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု အညွှန်းကိန်း (Global Climate Risk Index) တွင် မြန်မာနိုင်ငံသည် ၂၀၀၀ ပြည့်နှစ် နှင့် ၂၀၁၉ ခုနှစ် အကြားတွင် ပြင်းထန်သောရာသီဥတုအခြေအနေများကြောင့် ဆိုးရွားစွာထိခိုက်ခံစားရသော နိုင်ငံပေါင်း ၁၈၃ နိုင်ငံတွင် ဒုတိယအဆင့်တွင် ရပ်တည်ခဲ့သည်။ ယင်းသည် ၂၀၀၈ ခုနှစ် တွင် လူပေါင်း ၁၃၈၃၇၃ ဦး သေဆုံးစေခဲ့ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းဒေသကြီး ဒေသအချို့ကို ဖျက်စီးခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ၏ ရလဒ်များကြောင့် ဆိုးရွားအသော အနေအထားဖြင့် ရပ်တည်ခဲ့ခြင်းဖြစ်သည်။

၂၀၀၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အတွင်း စုဆောင်းရရှိသော ညွှန်းကိန်းများအရ မြန်မာနိုင်ငံတွင် ရာသီဥတုဒဏ်ကြောင့် သေဆုံးမှုနှင့် ထိခိုက်မှုများ၏ ၉၅ ရာခိုင်နှုန်းသည် နာဂစ်မုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ သို့သော် အားကောင်းသော မုန်တိုင်ကြီးများ ဖြစ်ပေါ်စေသည့် ရာသီဥတုပြောင်းလဲမှုများသည် နိုင်ငံကို ထိခိုက်မှုများ ထပ်တလဲလဲဖြစ်ပေါ်စေနိုင်သည်။

နာဂစ်ကြောင့် ကြောက်ခမန်းလိလိ သေဆုံးမှုနှုန်းများသည် ထိုအချိန်က မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများနှင့် များစွာဆက်စပ်မှုရှိခဲ့သည်။ လပ်ဟာမှုများစွာရှိနေသော၊ သီးသန့်ဆန်သော၊ လူမှုအကျိုးစီးပွားထက် စစ်တပ်အာဏာတည်မြဲရေးအတွက်ကိုသာ ဦးစားပေးခဲ့သည့် စစ်အစိုးရ၏ အုပ်ချုပ်ခြင်းကိုခံရခြင်းကြောင့် အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံများထက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ များစွာနောက်ကျခဲ့ရသည်။ ထို့ကြောင့် ကြီးမားသော သဘာဝဘေးအန္တရာယ်ကို ခုခံကာကွယ်နိုင်စွမ်းမှာလည်း နည်းပါးခဲ့သည်။

စစ်အုပ်စု၏ အရပ်ဘက်အဖွဲ့အစည်းများအပေါ် ယုံကြည်မှုကင်းမဲ့ခြင်းနှင့် ထိန်းချုပ်ချယ်လှယ်လိုစိတ်များကြောင့် မုန်တိုင်းသင့်ပြည်သူများအား ပြည်သူလူထုမှ အကူအညီပေးရေးကိုလည်း ကန့်သတ်ချုပ်ချယ်ခဲ့သည်။ ထို့အပြင် အဆိုပါ နိုင်ငံတကာမှ အထောက်အပံ့များသည် အမေရိကန်မှဦးဆောင်ကာ ကျူးကျော်ဝင်ရောက်မှုအတွက် trojan horse တစ်ခုသဖွယ်ဖြစ်နိုင်သည်ဟူသော စစ်အုပ်စု၏ သံသယစိတ်သည် ကူညီထောက်ပံ့မှုပေးရန် ကမ်းလှမ်းလာသော နိုင်ငံတကာမှ အကူအညီများကိုပါ တားဆီးခဲ့သည်။

သုံနှစ်ကြာပြီးနော် စစ်ကောင်စီက တစ်စိတ်တစ်ပိုင်း ဒီမိုကရေစီကူးပြောင်းမှု အသွင်ကို ဖော်ဆောင်ခဲ့ပြီး စစ်တပ်ကြောထောက်နောက်ခံရှိသော အရပ်သားအစိုးရကို အာဏာလွှဲပေးခဲ့သည်။ အဆိုပါ အစိုးရသည် ၂၀၁၆ ခုနှစ်တွင် ပထမဆုံးအကြိမ်အဖြစ် ရာစုနှစ်ဝက်ကျော်ထိ ယုံကြည်စွာ ရွေးချယ်တင်မြှောက်ခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သော အစိုးရထံသို့ အာဏာလွှဲပေးခဲ့သည်။

လွတ်လပ်ခွင့်တွေပိုရှိခဲ့သော အဆိုပါ ဆယ်စုနှစ် အတွင်းမှာ မြန်မာနိုင်ငံတွင် စီပွါးရေးနှင့် အခြားသော လူမှုရေးဆိုင်ရာ တိုးတက်မှုများရှိခဲ့သည်။ အဆိုပါ တိုးတက်အောင်မြင်မှုများသည်  ပိုမို တုံ့ပြန်မှုအားကောင်းသော အုပ်ချုပ်မှုပုံစံ နှင့် အစိုးရ-လူမှုအသိုက်အဝန်း အကြား ပို၍ ကောင်းမွန်သော ဆက်ဆံရေးတို့နှင့်အတူ သဘာဝဘေးအန္တရာယ် အတွက် အားကောင်းသော ကြိုတင်ပြင်ဆင်မှုများစွာကို ရှိစေခဲ့သည်။ ၂၀၂၀ခုနှစ်၊ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ စတင်ဖြစ်ပွါးသော အစောပိုင်းနှစ်တွင် အစိုးရတာဝန်ရှိသူများနှင့် အရပ်ဘက်အဖွဲ့အစည်းများလက်တွဲ၍ မြန်မာနိုင်ငံအနေဖြင့် ချမ်းသာသော အခြားနိုင်ငံများစွာထက် ပို၍ ကောင်းမွန်သော စီမံခန့်ခွဲမှုဖြင့်  (ကပ်ရောဂါကြောင့် စီးပွါးရေးကဏ္ဍတွင် ဆိုးရွားသော ထိခိုက်မှုများရှိခဲ့သော်လည်း )ရောဂါကို ရင်ဆိုင်နိုင်ခဲ့သည်။

အဆိုပါ ကြံ့ကြံ့ခံနိုင်မှု နှင့် ကြိုတင်ပြင်ဆင်မှုများ အားကောင်းခြင်းသည် ယမန်နှစ် ဖော်ဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်မှ အာဏာသိမ်းချိန်တွင် အပြီးအပိုင် ဖျက်ဆီးခံလိုက်ရသည်။ ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွါးမှုကို ထိန်းချုပ်ရာမှာ တက်ကြွစွာပါဝင်ခဲ့သော ဆေးဘက်ဆိုင်ရာ ပရဟိတအဖွဲ့များသည်  စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုများကို သွေးထွက်သံယို နှိမ်နင်းမှုများနှင့် ရင်ဆိုင်ခဲ့ရသည့် ဆန္ဒပြသူများကို ကူညီပေးသူများအဖြစ်သို့ ရောက်ရှိသွားသည်။ ထိုကဲ့သို့ ကူညီဖေးမမှုများကြောင့် အဆိုပါ ဆေးဘက်ဆိုင်ရာ ပရဟိတအဖွဲ့များသည် စစ်ကောင်စီ၏ အကြမ်းဖက်နှိမ်နင်းမှုကို ခံရပြီး အများအပြားမှာ မြေအောက်လှုပ်ရှားသူများအဖြစ်သို့ ရောက်ရှိခဲ့သည်။ တစ်ဖက်တွင်လည်း အစိုးရ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများသည် ဆန္ဒပြလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။ ကျောင်းဆရာ၊ဆရာမများနှင့်အတူ ၎င်းတို့သည် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဦးစီးဦးဆောင်ပြုခဲ့ကြသည်။

ရုတ်ခြည်းပြိုလဲသွားသော နိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် စစ်တပ်မှ အရပ်ဘက်အဖွဲ့အစည်းကို အကွက်ကျကျ စစ်ဆင်ရေးခင်းနေသည့် အခြေအနေတို့ကြောင့် ၂၀၂၁ ခုနှစ် နှစ်လယ်တွင် ကူးစက်မှုပိုမိုပြင်းထန်သည့် ကိုဗစ်-၁၉ ဒယ်လ်တာမျိုးကွဲ မြန်မာနိုင်ငံသို့ ရောက်ရှိချိန်တွင် နိုင်ငံ၏ ကျန်းမာရေးကဏ္ဍသည် အဆိုးရွားဆုံးအနေအထားသို့ ရောက်ရှိသွားခဲ့သည်။ ဆေးဝန်ထမ်းများ ပြတ်လတ်နေသည့်အစိုးရဆေးရုံများသည် မြန်နှုန်းမြင့် ကူးစက်မှုကို ကုသ တုံ့ပြန်နိုင်စွမ်းမရှိသည့်အပြင် တချိန်တည်းမှာပင် စစ်တပ်သည် ကိုဗစ်-၁၉ ရောဂါခံစားနေရသည့်လူနာများအား အခမဲ့ဆေးကုသမှုပေးရန် (အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုပြုလုပ်နေသော) CDM  ဆရာဝန်များအပေါ် အဆမတန် ဖိအားပေးခဲ့သည်။ တရားဝင်ရောဂါစစ်ဆေးမှုများသည်လည်း ထိရောက်မှုမရှိခြင်းကြောင့်  သေဆုံးမှုစာရင်းသည်လည်း ရာထောင်ချီရှိခဲ့ကြောင်း  Frontier မဂ္ဂဇင်းမှ ဖော်ပြထားသည်

ကပ်ရောဂါကို ရင်ဆိုင်ကျော်လွှားခြင်းသည် ဆိုင်ကလုန်း၊ ရေကြီးခြင်းနှင့် ငလျင် အစရှိသည့် သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ကျော်လွှားနိုင်ခြင်းနှင့် မတူပါ။  သို့သော် အောင်မြင်မှုရလာဒ်ရှိသည့် တုံ့ပြန်မှုများအတွက် လိုအပ်သည့်အရာများမှာ အတူတူပင်ဖြစ်သည့်အလျှောက် ဒီမိုကရေစီဖြစ်ထွန်းရေးအပေါ်တွင်လည်း  အခိုင်အမာမူတည်လျက်ရှိသည်။ အဆိုပါ လိုအပ်သည့်အရာများမှာ တရားဝင် အာဏာသက်ဝင်မှုရှိသော အစိုးရ၊ အဆိုပါ အစိုးရနှင့် ပြည်သူနဲ့ လွတ်လပ်စွာ လုပ်ဆောင်နိုင်သော အရပ်ဘက်အဖွဲ့အစည်းများ အကြား လက်တွဲလုပ်ဆောင်မှု၊ ပြည်သူလူထုကို ချောက်ကမ်းပါးသို့မရောက်စေဘဲ ပြင်းထန်သော ရိုက်ခတ်မှုဒဏ်တွေကို ကြံ့ကြံ့ခံနိုင်သော စီးပွါးရေးတစ်ရပ်တို့ပါဝင်သည်။

စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံအနေဖြင့် ယင်းလိုအပ်သည့်အရာများအားလုံး ပျောက်ကွယ်သွားခဲ့သည်။ ကိုဗစ်- ၁၉ ဒယ်လ်တာရောဂါလှိုင်းသည် နိုင်ငံ၏သွေးပျက်ဖွယ် အတွေ့အကြုံတစ်ရပ်ဖြစ်သောကြောင့် နာဂစ်ကဲ့သို့ ရာသီဥတုဆိုင်ရာဘေးအန္တရာယ်ကြီးကို တွေ့ကြုံရပါက နိုင်ငံအနေဖြင့် မည်ကဲ့သို့ကျော်လွှားမည်နည်းဆိုသည့်အချက်ကို မီးမှောင်းထိုးပြနေသည်။   ထို့ကြောင့် အချိန်မနှောင်းခင် ဒီမိုကရေစီကိုအချိန်မီ အကောင်အထည်ဖော်နိုင်ရေးသည် အရာအားလုံးထက်ကို ပို၍ အခရာကျနေသည်။

ဓာတ်ပုံ - Stock Photography / Shutterstock

နောက်တစ်ခု မှော်ဆန်သော သစ်တောများ - မြန်မာနိုင်ငံ၏ သဘာဝရာသီဥတုအား စောင့်ရှောက်နေသူ