Post main image

မှော်ဆန်သော သစ်တောများ - မြန်မာနိုင်ငံ၏ သဘာဝရာသီဥတုအား စောင့်ရှောက်နေသူ

မြန်မာနိုင်ငံဟာ ဒီရေတောအပေါများဆုံးသော နိုင်ငံများထဲမှတစ်ခုဖြစ်တယ်ဆိုတာ သိပါသလား?

၂၀၁၉ ခုနှစ်စစ်တမ်းများအရ သစ်တောဧကပေါင်း ၅၀၀,၀၀၀ ကျော်ရှိသော မြန်မာနိုင်ငံသည် အန္ဒိယကျွန်းဆွယ်တွင် ဒီရေတောပမာဏ ဒုတိယအများဆုံးသော နိုင်ငံဖြစ်သည်။ ဒီရေတောပမာဏ အများဆုံးရှိသောနိုင်ငံမှာ အင်ဒိုနီးရှားဖြစ်သည်။ ဘင်္ဂလားပင်လယ်အော်တစ်လျှောက် ကမ်းရိုးတန်း ကီလိုမီတာ ၂,၀၀၀ တစ်လျှောက်တွင် ဒီရေတောများ ပေါက်ရောက်ပြီး ရခိုင်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ ဒီရေတောများ ကျယ်ပြန့်စွာ ပေါက်ရောက်လာသည်။ မြန်မာနိုင်ငံတစ်ခုတည်းတွင် ဒီရေတောမျိုးစိတ် ၇၀ အနက် ၃၄ မျိုးရှိသည် (1) ။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် အကြီးဆုံး ဒီရေတောပမာဏကို တွေ့ရှိနိုင်သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ရှင်သန်ပေါက်ရောက်ရာနေရာများ ဆုံးရှုံးခြင်းကြောင့် ဒီရေတောများ ပြုန်းတီးမှု အန္တရာယ်ကို ရင်ဆိုင်နေရသည်။

ဒီရေတောများသည် ရေနေနှင့် ကုန်းနေမျိုးစိတ်များအတွက် အရေးပါသော ပတ်ဝန်းကျင်ဖြစ်သည်။ ၎င်းတို့သည် ငယ်ရွယ်သော ရေနေမျိုးစိတ်များဖြစ်သည့် ရေငန်မိကျောင်း (Crocodylus porosus)၊ မျိုးတုံးပျောက်ကွယ်လုနီးပါးဖြစ်နေသော ခြေလေးချောင်းလိပ် (Batagur baska) တို့အတွက် နားခို၊ ရှင်သန်၊ကြီးထွားရာ၊ ဥပန်းငှက် (Anhinga melanogaster)၊ ကျီးကောင် (Microcarbo niger)၊ ကျောက်တန်းဗျိုင်း heron (Egretta gularis) နှင့် ဗျိုင်း (Ardea cinerea) ကဲ့သို့သော ရေငှက်မျိုးစိတ်များစွာအတွက် နားခိုကျက်စားရာ ပတ်ဝန်းကျင်တစ်ခု ဖြစ်သည်။ ဒီရေတောများ၏ အရေးပါမှုသည် ၎င်းတို့၏ ဂေဟစနစ် လုပ်ဆောင်ချက်များကြောင့် ပို၍ သိသာထင်ရှားစွာ အရေးပါနေသည်။ မြစ်ဝကျွန်းပေါ်ဒေသကဲ့သို့ ကမ်းရိုးတန်းဒေသများတွင် နေထိုင်ကြသူများအတွက် ၎င်းတို့သည် အပင်တစ်ခု၏ အရေးပါပုံထက် ပိုပါသည်။ ဒီရေတောများသည် ဇီဝအကာအကွယ်တစ်ခုသဖွယ်တည်ရှိပြီး မုန်တိုင်းအန္တရာယ်၊ ရေကြီးခြင်း နှင့် ဆူနာမီကဲ့သို့သော သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ခြင်း၊ ရေတိုက်စားမှုကိုထိန်းချုပ်ခြင်း၊ အနည်အနှစ်များစုပုံခြင်းနှင့် ဒေသခံပြည်သူများ၏ စားနပ်ရိက္ခာဖူလုံမှုကို လုပ်ဆောင်ပေးခြင်းစသည့် အဖိုးတန်ဂေဟစနစ်ဝန်ဆောင်မှုများဖြင့် ပံ့ပိုးပေးပါသည် (2)။ ၎င်းတို့သည် ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကြောင်းနှင့် အိုးအိမ်များကို သဘာဝအတိုင်း စောင့်ရှောက်နေသူများဖြစ်သည်။

မြန်မာ့ဒီရေတောများသည် လေထုမှ ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏအများအပြားကို လျှော့ချပေးနိုင်ပြီး ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေးအတွက် အရေးပါသော အရင်းအမြစ်တစ်ခု ဖြစ်လာသည်။ မြန်မာနိုင်ငံရှိ ဒီရေတောများ ဆုံးရှုံးခြင်းသည် လူသားများ၏ စားဝတ်နေရေး၊ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေပြီး ဒီရေတောတွင်မှီခိုနေသော တောရိုင်းတိရစ္ဆာန်များ၏ နေထိုင်စားသောက်ရာ စားကျက်မြေများဆုံးရှုံးခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ 
 

မြန်မာ့ဒီရေတောတွေက ဘယ်မှာတည်ရှိပါသလဲ။

ဒီရေတောဂေဟစနစ်ကို ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီကမ်းရိုးတန်းဒေသ အစရှိသည့် ဒေသ သုံးခုတွင် တွေ့ရှိနိုင်သည်။
 

၁။ မြစ်ဝကျွန်းပေါ်ရှိ ဒီရေတောများ

မြစ်ဝကျွန်းပေါ်ဒေသရှိ ဒီရေတောများကို စတုရန်းကီလိုမီတာ ၃၅,၀၀၀ (၁၃,၅၀၀ စတုရန်းမိုင်) ကျော် ကျယ်ဝန်းသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွင် တွေ့ရှိနိုင်သည်။ ဒီရေတောမျိုးစိတ် ၂၉ မျိုး တည်ရှိရာ ယင်းဒေသသည် အာရှ၏ အရှုပ်ထွေးဆုံး ဒီရေတောစနစ် ဖြစ်သည် (4)။ သို့သော် အဆိုပါဒေသသည် မကြာသေးမီ ဆယ်စုနှစ်များအတွင်း ဒီရေတောများ လျင်မြန်စွာ ဆုံးရှုံးမှုနှင့် ကြုံတွေ့နေရပြီး ဒီရေတော၏ ၇၀% ပမာဏအထိ ဆုံးရှုံးမှုဖြစ်ခဲ့သည် (3)။  ဒီရေတောများကို ရှင်းလင်းပြီး စိုက်ပျိုးမြေများအဖြစ် ပြောင်းလဲခြင်း၊ ငါး၊ပုစွန်မွေးမြူရေးကန်များအဖြစ် ဖော်ဆောင်ခြင်းနှင့် ထင်းနှင့်မီးသွေးထုတ်လုပ်ရန်အတွက် မဆင်မခြင် ခုတ်ထွင်ခြင်းတို့သည် ဒီရေတောများ ပြုန်းတီးရခြင်း၏ အကြောင်းရင်းများပင်ဖြစ်သည်။ ဒေသခံများသည် ထင်းနှင့် ငါးဖမ်းလုပ်ငန်းအပါအဝင် လိုအပ်ချက်အမျိုးမျိုးအတွက် ဒီရေတော၏ ဂေဟစနစ်အပေါ် မှီခိုနေရပါသည်။
 

၂။ ရခိုင်ပြည်နယ်ရှိ ဒီရေတောများ

ရခိုင်ဒီရေတောများသည် ရခိုင်ကမ်းရိုးတန်း၏ ဒီရေလွှမ်းမိုးမှုအသင့်အတင့်ရှိသောဇုန်နေရာတွင် တည်ရှိသည်။ ဒီရေတောများသည် အဆိုပါဒေသ၏ ပျော့ပျောင်းသော ရွှံ့မြေများပေါ်တွင် ပေါက်ရောက်ကြပါသည်။ ဒီရေလွှမ်းမိုးမှုကြောင့် ၎င်းဒေသရှိရေများမှာ အငန်ဓာတ် အလွန်မြင့်မားသည်။ Bruguiera hainesii နှင့် Sonneratia griffithii ကဲ့သို့သော မျိုးသုဉ်းလုနီးပါး အပင်မျိုးစိတ်များ အပါအဝင် အနည်းဆုံး မျိုးစိတ် ၂၈ မျိုး ပေါက်ရောက်သည်။ ရခိုင်ပြည်နယ်တွင် ပင်လယ်ရေထိန်းနံရံများ တည်ဆောက်ခြင်း၊ တရားမဝင် သစ်ခုတ်ခြင်း၊ အုတ်တံတိုင်းတည်ဆောက်ခြင်းနှင့် အပင်အခေါက်ခွာခြင်းတို့ကြောင့် ကျယ်ပြန့်သော ဒီရေတောများ ပျက်စီးယိုယွင်းလာရသည် (4) ။ အချိန်အလိုက် တိုင်းတာထားသော သစ်ပင်အညွှန်းကိန်းများ၏ အကဲဖြတ်ချက်အရ ၂၀၂၂ ခုနှစ် မှစတင်ကာ ဂေဟစနစ်၏ဆုတ်ယုတ်မှုကို တွေ့ရှိရပြီး ယင်းဂေဟနစ်၏ ၄၀% သည် ၂၀၅၀ ခုနှစ်တွင် ပျက်သုဉ်းသွားလိမ့်မည်ဟု ခန့်မှန်းထားသည် (5) ။
 

၃။ တနင်္သာရီတိုင်းဒေသကြီးရှိ သက်တမ်းရင့် ဒီရေတောများ

သက်တမ်းရင့် ဒီရေတော အများအပြားကို မြန်မာနိုင်ငံ၏တောင်ပိုင်းဒေသဖြစ်သည့် တနင်္သာရီတိုင်းဒေသကြီးတွင် တွေ့ရှိနိုင်သည်။ မြိတ်ကမ်းရိုးတန်းဇုန်ရှိ ဒီရေတောများသည် တနင်္သာရီမြစ်ဝကျွန်းပေါ်ဒေသများတွင် တည်ရှိကြသည်။ သို့သော်လည်း အဆိုပါဒီရေတောများသည် သဘာဝအနှောက်အယှက်များနှင့် ပတ်ဝန်းကျင်ကို ပြောင်းလဲ ညစ်နွမ်းစေသည့် လူသားများ၏ လုပ်ဆောင်မှုများကြောင့် ကြီးမားသော ပျက်စီးယိုယွင်းမှုကို ကြုံတွေ့နေရပါသည် (6) ။ ဒီရေတောပြုန်းတီးရခြင်း၏ အဓိကအကြောင်းအရင်းများမှာ ဆီအုန်းစိုက်ပျိုးခြင်း၊ ငါးပုစွန်မွေးမြူခြင်းနှင့် စပါးထုတ်လုပ်ခြင်းစသည့် စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်းတို့ ဖြစ်သည်။ သို့သော်လည်း ၎င်းတို့၏ ကျဆင်းမှုအတိုင်းအတာသည် ဒီရေတောများ ပထဝီဝင်မြေပြင်အနေအထားအရ ဖြန့်ကြက်မှုတွင် သိသာထင်ရှားစွာ လျော့ပါးလာသည်ဟု သတ်မှတ်နိုင်ခြင်းမရှိသေးပေ (7)။ 

ဒီရေတောတွေက ဘာကြောင့် အရေးကြီးတာလဲ။

သဘာဝအခြေခံအဆောက်အအုံများဖြင့် ဒီရေတောများသည် အနီးနားရှိလူနေထူထပ်သောဒေသများကို မုန်တိုင်းလှိုင်းနှင့် ပြင်းထန်သောရာသီဥတုဒဏ်မှ အကာအကွယ်ပေးသည်။ ၎င်းတို့သည် ဒေသခံပြည်သူများ အထူးသဖြင့် စားဝတ်နေရေး နှင့် ဝင်ငွေအတွက် အားကိုးရသော မြေယာမဲ့အလုပ်သမားများအတွက် အသက်သွေးကြောတစ်ခုအဖြစ် ဆောင်ရွက်ပေးပါသည်။ အဆိုပါလူ့အဖွဲ့အစည်းများသည် သယံဇာတအမျိုးမျိုးအတွက် ဒီရေတောများပေါ်တွင် မှီခိုနေရပါသည်။ အသက်မွေးဝမ်းကျောင်းပြုရန်နှင့် စီးပွားဖြစ်ရည်ရွယ်ချက်များအတွက် ဒီရေတောများသည် ၎င်းတို့၏ အရေးပါသော လုပ်ဆောင်ချက်များဖြင့် တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်သောနည်းဖြင့် သော်လည်းကောင်း ပံ့ပိုးလုပ်ဆောင်ပေးသည်။ မီးသွေး၊ ငါး၊ ကဏန်းနှင့် ပုစွန်ကဲ့သို့သော ဒီရေတောထွက်ကုန်များ ရောင်းချခြင်းဖြင့် ရရှိသည့် ဝင်ငွေသည် အိမ်ထောင်စုဝင်ငွေ စုစုပေါင်း၏ ၄၃ ရာခိုင်နှုန်းခန့်ရှိသည် (6)။ ၎င်းပမာဏသည် ဒီရေတောဧရိယာ ထိန်းသိမ်းရေးနှင့် ၎င်းအပေါ်မှီခိုနေသောရပ်ရွာများ၏ သာယာဝပြောရေးအတွက် ထည့်သွင်းစဉ်းစားရမည့် အချက်ဖြစ်သည်။

ဒီရေတောများသည်

  • ကာဗွန်ကို ထိန်းသိမ်းထားပေးပြီး ရာသီဥတု မျှတအောင် လုပ်ဆောင်ပေးသည်။ 
  • ရာသီဥတု ဆိုးရွားခြင်းအန္တရာယ်မှ အကာကွယ်ပေးသည်။ 
  • လူမှုအဖွဲ့အစည်းများအား အစားအစာ၊ လောင်စာ၊ သစ် နှင့် ဆေးဝါးများ ထောက်ပံ့ပေးပါသည်။
  • ကမ်းရိုးတမ်းကို ကာကွယ်ပေးပြီး ရေရည်တည်တံ့စေသည်။
  • ဒေသအတွင်း ရေ အရည်အသွေးကို ထိန်းသိမ်းပေးပြီး ပိုမိုကောင်းမွန်စေသည်။
  • ကမ်းရိုးတန်းဒေသ ရေလွှမ်းမိုးမှုကို ကာကွယ်ပေးပြီး ရေတိုက်စားမှု အန္တရာယ်မှလည်း ကာကွယ်ပေးသည်။
  • သက်ရှိများအတွက် ဂေဟစနစ်များကို ဖန်တီးပေးသည်။ 
  • ဇီဝမျိုးစုံမျိုးကွဲများ၏ ရှင်သန်နေထိုင်ရာ နေရာတစ်ခုဖြစ်သည်။
  • ဒေသခံ လူမှုအဖွဲ့အစည်းများအား ဝင်ငွေအထောက်အပံ့ဖြစ်စေသည်။

 

မည်သည့်အရာတွေက ဒီရေတောများ ပျက်စီခြင်း နှင့် ပြုန်းတီးမှုများကို အဓိက ဖြစ်ပေါ်စေပါသလဲ။

ဒီရေတောများသည် သက်ရှိ သတ္တဝါများအတွက် အလွန်အရေးကြီးသော်လည်း လူသားများ၏ လူမှုအကျိုးစီးပွားဆိုင်ရာ ရည်ရွယ်ချက်များဖြင့်လုပ်ဆောင်လျက်ရှိသော လုပ်ဆောင်ချက်များသည် အဆိုပါ ဒီရေတောများကို ဆိုးရွားစွာထိခိုက်စေလျက်ရှိပြီး ယိုယွင်းပျက်စီးလာစေပါသည်။

ဒီရေတောများ ပျက်စီးခြင်းနှင့် သစ်တောပြုန်းတီးမှုသည် ကမ်းရိုးတန်းများပေါ်တွင် မှီခိုလျက်ရှိသော အသက်မွေးဝမ်းကျောင်းပြုမှုများနှင့် ဇီဝမျိုးစုံမျိုးကွဲများ နှစ်ခုလုံးကို များစွာ ထိခိုက်နစ်နာစေပါသည်။ မြေယာရှင်းလင်းခြင်းအပြင် စပါးစိုက်ခင်းများအဖြစ်ပြောင်းလဲခြင်း၊ ဆီအုန်းစိုက်ပျိုးခြင်း၊ တိုးချဲ့ခြင်းနှင့် ရေရှည်တည်တံ့မှုမရှိသော စိုက်ပျိုးမွေးမြူရေးလုပ်ဆောင်ခြင်းတို့သည် မြန်မာနိုင်ငံရှိ ဒီရေတောများအား ပျက်စီးစေသော အဓိကအကြောင်းအရင်းများပင်ဖြစ်သည်။ ရခိုင်ကမ်းရိုးတန်းနှင့် ဧရာဝတီဖြစ်ဝကျန်းပေါ်ဒေသတစ်လျှောက်တွင် မကြာခဏ မုန်တိုင်းတိုက်ခတ်ခြင်းများရှိပြီး ၂၀၀၈ ခုနှစ်တွင် ဝင်ရောက်တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းသည် (အကျိုးသက်ရောက်မှု နည်းပါးသော်လည်း)ဒီရေတောဂေဟစနစ်ပျက်စီးမှု အပေါ်အကျိုးသက်ရောက် မှုရှိခဲ့သည်။ National University of Singapore ၏ အဆိုအရ မြန်မာနိုင်ငံရှိ ဒီရေတောအားလုံး၏ ၆၀ ရာခိုင်နှုန်းကျော်သည် အနှစ် ၂၀ အတွင်း အခြားသော အသုံးပြုမှုပုံစံများသို့ အမြဲတမ်း သိုမဟုတ် ယာယီအဖြစ်သို့ ပြောင်းလဲခဲ့သည် (12) ။

အခြားသော အဓိက အကြောင်းအရင်းများမှာ သစ်၊ ထင်း နှင့် မီးသွေးထုတ်လုပ်မှု၊ မြေယာအသုံးပြုမှု၊ ဆားထုတ်လုပ်မှုနှင့် ပုစွန်မွေးမြူရေးစသည်တို့ ပါဝင်ပါသည်။ ယင်းလုပ်ဆောင်ချက်အမျိုးမျိုး၏ အကျိုးဆက်များအနေဖြင့် ဒီရေတောပြုန်းတီးမှုသည် မြန်မာနိုင်ငံတွင် အရေးကြီးသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ် ထည့်သွင်း သတ်မှတ်ထားပါသည်။

“ဒီရေတောမီးသွေး” ဟု ဒေသအတွင်း ခေါ်ဝေါ်ကြသည့် ဒီရေတော မှ ထုတ်လုပ်သော မီးသွေးသည် ပိုမိုကောင်းမွန်ခြင်း၊ ကြာရှည်စွာလောင်ကျွမ်းနိုင်ခြင်း စသည့် အရည်အသွေးကောင်းမွန်မှုအပြင် ၎င်း၏ ကျစ်လစ်မာကျောသော လက္ခဏာရပ်များကြောင့် ဒေသခံပြည်သူများက တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါသည်။ ဒီရေတောမီးသွေးများကို သစ်မာလမုပင်များမှ အဓိက ထုတ်လုပ်ပါသည်။

မီသွေးထုတ်လုပ်မှုနှင့် အခြားသော စိုက်ပျိုးရေးဆိုင်ရာ ရည်ရွယ်ချက်များဖြင့် သစ်တောများကို အလွန်အကျွံ့အသုံးပြုမှုများကြောင့် ဒီရေတောများ လျှင်မြန်စွာ ပျက်စီးဆုံးရှုံးမှုနှင့်အတူ ဒီရေတောများသည် ခြိမ်းခြောက်မှု အမျိုးမျိုးနှင့် တွေ့ကြုံရင်ဆိုင်နေရပါသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ချောင်းသာနှင့် ရွှေသောင်ယံ တို့တွင် အသေးစား မီးသွေးထုတ်လုပ်မှုသည် ဒီရေတောများရှားပါလာမှုနှင့်အတူ လျော့နည်းကျဆင်းလာပါသည်။ ၁၉၇၁ ခုနှစ်နှင့် ၁၉၉၃ ခုနှစ်အတွင်း ရန်ကုန်မြို့တွင် အသုံးပြုသော မီးသွေးပမာဏ၏ ၈၅ ရာခိုင်နှုန်းကို ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှ ရရှိခြင်းဖြစ်ပါသည်။ (JICA, 2005)

လက်ရှိတွင် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ ပုံမှန်တင်ပို့လျက်ရှိသည့် မီးသွေးပမာဏအများအပြားကို အဓိကအားဖြင့် ကသာနှင့် မြိတ်မြို့များတွင် ထုတ်လုပ်လျက်ရှိသည်။ ပဲခူးသည်လည်း မီးသွေထုတ်လုပ်မှုတွင် သိသာထင်ရှားသော ဈေးကွက်ဝေစုတစ်ခုကို ပိုင်ဆိုင်ထားသည်။  ဒီရေတောပေါများသော မြိတ်မြို့သည် ဒီရေတောမီးသွေးထွက်ရှိမှု၏ အဓိကနေရာဖြစ်လာသည်။ သို့ရာတွင် ဒီရေတောပြုန်းတီးမှုသည် ထင်းအလွန်အကျွံထုတ်ယူမှု အပြင် စိုက်ပျိုးရေးနှင့် ငါးပုစွန်ကဏ္ဍများအား အရှိန်အဟုန်ဖြင့် ချဲ့ထွင်လာမှုကဲ့သို့သော အခြားအကြောင်းအရင်းများကြောင့် ဆက်လက်ဖြစ်ပေါ်လျက်ရှိနေပါသည်။

ဒီရေတောတွေကို ဘယ်လိုကာကွယ်ထိန်းသိမ်းနိုင်မလဲ။

ဒီရေတောများကို ထိန်းသိမ်းခြင်းသည် ရေရှည်တည်တံ့သော ဂေဟစနစ်ကို ဖော်ဆောင်ရာတွင် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဒီရေတောနှင့် လိုက်လျောညီထွေရှိသော ငါးပုစွန်မွေးမြူ စိုက်ပျိုးခြင်းသည် ဒီရေတောပြုန်းတီးမှုကို ရှောင်ရှားရန်နှင့် ဒီရေတောသယံဇာတများကို အကျိုးရှိစွာ အသုံးချခြင်းဖြစ်သည့် ထိရောက်သောနည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။

ဒီရေတောနှင့် လိုက်လျောညီထွေမှုရှိသော ငါးပုစွန်မွေးမြူ စိုက်ပျိုးခြင်းသည် ရှိရင်းစွဲ ဒီရေတောများကို ထိန်းသိမ်းရင်း ဂေဟစနစ်နှင့် ဒေသခံ အသက်မွေးဝမ်းကြောင်း နှစ်ခုလုံးကို မြှင့်တင်ရန် အလားအလာရှိသော ချဉ်းကပ်မှုတစ်ရပ်ပင်ဖြစ်သည်။

ဧရာဝတီတိုင်းမြစ်ဝကျွန်းပေါ်ရှိ ဒီရေတောနှင့် လိုက်လျောညီထွေမှုရှိသော စိုက်ပျိုးမွေးမြူခြင်းလုပ်ဆောင်နိုင်သည့် အလားလာရှိသော ဧရိယာ ၁၃၀,၀၀၀ ဟက်တာကျော်သည်  ရေရှည်တည်တံ့သော၊ဒီရေတောနှင့် လိုက်လျောညီထွေမှုရှိသော ရွှံ့ကဏန်းမွေးမြူခြင်းကို လုပ်ဆောင်ရန် နေရာကောင်းပင်ဖြစ်သည်။  ရွှံ့ကဏန်း မွေးမြူခြင်းအတွက် သေးငယ်ပြီး တိမ်သော ရေကန်များသာ လိုအပ်ပါသည်။ ကဏန်းကန်များအတွင်း ဒီရေတောအပင်များကို ကောင်းမွန်စွာရှင်သန် ကြီးထွားစေခြင်းဖြင့် ကဏန်းများ၏ ကျန်းမာရေးနှင့် ထုတ်လုပ်မှုစွမ်းအားကို တိုက်ရိုက် အထောက်အကူဖြစ်စေပြီး ကဏန်းများ၏ ဖွံ့ဖြိုးမှုအတွက် အရေးပါသော အဏုဇီဝများကို ဖန်တီးထုတ်လုပ်ပေးပါသည်။ ထို့အပြင် ကြီးထွားလာနေသော ဒီရေတောအပင်များနှင့် ငါးပုစွန်များ ပေါင်းစပ်ခြင်းဖြင့် ငါးပုစွန်လုပ်ငန်းမှ ရေရှည်စီးပွားရေး အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပြီး ခန့်မှန်းခြေအားဖြင့် ၄၀ ရာခိုင်နှုန်းအထိ တိုးမြင့်မှုကို ရရှိနိုင်သည်။ ဒီရေတောနှင့် လိုက်လျောညီထွေမှုရှိသော စိုက်ပျိုးမွေးမြူခြင်းသည်  စီးပွါးရေး အကျိုးရလဒ်ကောင်းများသာမက ကာဗွန်ထုတ်လုပ်မှုကို လာမည့် အနှစ် ၂၀ အတွင်းတွင် ၃,၃၄၀,၄၁၆ MtCO2e အထိ စုပ်ယူနိုင်သည့်အတွက် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို တစ်ဖက်တစ်လမ်းမှ အကာကွယ်ပေးနိုင်သည်။ 

ရေရှည်တည်တံ့သော ငါးပုစွန်မွေးမြူခြင်း အလေ့အကျင့်များနှင့် ဒီရေတောဂေဟစနစ်များ ထိန်းသိမ်းရေးတို့အကြား ဟန်ချက်ညီညီလုပ်ဆောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထုအတွက် အပြုသဘောဆောင်သော ရလဒ်များကို ရရှိနိုင်မည်ဖြစ်သည်။ ဒီရေတောများဆိုင်ရာ အချက်အလက်များကို အချိန်နှင့်တပြေးညီ စုဆောင်းရာတွင် လူမှုအသိုက်အဝန်း၏ စွမ်းအားကို အသုံးချနိုင်သည်။ တိကျပြီး အချိန်နှင့်တပြေးညီသော ဒေတာ အချက်အလက်များ ရှိနိုင်ခြင်းသည် တိုးတက်မှုကို ခြေရာခံရန်၊ လုပ်ဆောင်ချက်ကို ဦးစားပေးလုပ်ဆောင်ရန်နှင့် မြန်မာ့ဂေဟစနစ်၏တန်ဖိုးကို ချိတ်ဆက်ရန် ကူညီပေးနိုင်ပါသည်။ ရပ်ရွာများအကြား ဒီရေတောဂေဟစနစ်၏ အရေးပါပုံကို အသိပညာပေးခြင်းနှင့် သက်ဆိုင်ရာဒေသများရှိ ဒီရေတောများကို စောင့်ကြည့်ခြင်းဖြင့် ဒီရေတောများ ပြန်လည်ထူထောင်ခြင်းကို မြှင့်တင်နိုင်ပြီး ဒီရေတောများ ရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းနိုင်မည်ဖြစ်သည်။

References

1. Contribution of Mangrove Forest to the Livelihood of Local Communities in Ayeyarwaddy Region, Myanmar. Wai Nyein Aye, Yali Wen, Kim Marin, Shivaraj Thapa, Aung W. Tun. 2019, Forests, p. 1.

2. Bijeesh Kozhikkodan Veettil, Sebastian Felipe Ruiz Pereira, Ngo Xuan Quang. Rapidly diminishing mangrove forests in Myanmar (Burma): a review. s.l. : Springer International Publishing AG, 2018. 822:19–35.

3. Bijeesh Kozhikkodan Veettil,Sebastian Felipe Ruiz Pereira, Ngo Xuan Quang. Rapidly diminishing mangrove forests in Myanmar (Burma): a review. s.l. : Springer International Publishing AG,, 2018. 822:19–35.

4. Improved estimates of mangrove cover and change reveal catastrophic deforestation in Myanmar. Jose Don T De Alban, Johanness Jamaludin, Donovan Wong de Wen, Maung Maung Than, Edward L Webb. 3, s.l. : IOP Publishing Ltd, 2020, Vol. 15. Lett. 15 034034.

5. Threatened Ecosystems of Myanmar. Murray, N.J., Keith, D.A., Tizard, R., Duncan, A., Htut, W.T., Hlaing, N., Oo, A.H., Ya, K.Z., Grantham, H. s.l. : Wildlife Conservation Society., 2020, Vol. 1. 978-0-9903852-5-7.

6. Diversity and distribution of true mangroves in Myeik coastal areas, Myanmar. Tin Zar Ni Win, Tin Tin Kyu, U Soe Win. 5, s.l. : Aquaculture & Marine Biology, 2019, Vol. 8.

7. Threatened Ecosystems of Myanmar. Murray, N.J., Keith, D.A., Tizard, R., Duncan, A., Htut, W.T., Hlaing, N., Oo, A.H., Ya, K.Z., Grantham, H. s.l. : Wildlife Conservation Society, 2020, Vol. 1. ISBN: 978-0-9903852-5-7.

8. Japan Wildlife Research Center (JWRC), Kaoru Ichikawa (UNU-IAS), ed. Myanmar: Mangrove Forests in the Ayeyarwady Delta. Satoyama Initiative. [Online] March 6, 2012. [Cited: March 6, 2012.] https://satoyama-initiative.org/case_studies/myanmar-mangrove-forests-in-the-ayeyarwady-delta/.

9. Sang Phan, Aaron Russell, Juan Jose Robalino, Ali Akber, Ammar Aziz, Catherine Lovelock. Economic Appraisal of Ayeyarwady Delta Mangrove Forests. s.l. : The GGKP Secretariat, 2020. GGKP (2020)..

10. Contribution of Mangrove Forest to the Livelihood of Local Communities in Ayeyarwaddy Region, Myanmar. Wai Nyein Aye, Yali Wen, Kim Marin, Shivaraj Thapa, Aung W. Tun. 414, s.l. : Forests, 2019, Vol. 10. f10050414.

11. Sang Phan, Aaron Russell, Juan Jose Robalino, Ali Akber, Ammar Aziz, Catherine Lovelock. Economic Appraisal of Ayeyarwady Delta Mangrove Forests. s.l. : The Green Growth Knowledge Partnership (GGKP), 2020. GGKP (2020).

12. NUS. Research Impact. NUS News. [Online] National University of Singapore , March 3, 2020. https://news.nus.edu.sg/over-60-per-cent-of-myanmars-mangroves-deforested-in-the-last-20-years/.

13. Than, Maung Maung. Environment Sector Review and Formulation of Reforestation Strategy for the Ayeyarwady Delta. s.l. : UNDP, 2009. MYA/01/001.

 

အရင်ပို့စ် မြေယာ အလွန်အကျွံ အသုံးပြုမှုနှင့် ကပ်ရောဂါပျံ့ပွါးမှုဖြစ်စဉ်