ရွှေတူးဖော်ခြင်းနှင့် ပြဒါး ယိုစိမ့်ညစ်ညမ်းမှု - သဘာဝပတ်ဝန်းကျင်နှင့် လူမှုအသိုက်အဝန်းအပေါ် ဆိုးကျိုးသက်ရောက်မှုများ
>> ဖိုင်ကိုဒီမှာ ဒေါင်းလုပ်ရယူပါ။ >>
မြန်မာနိုင်ငံတွင် သဘာဝသယံဇာတများကို အလွန်အကျွံ ထုတ်ယူသုံးစွဲနေသည်မှာ ဆယ်စုနှစ် နှစ်ခုကျော်ရှိနေပြီဖြစ်သည်။
ဖွံ့ဖြိုးမှုနောက်ကျနေဖြစ်ပြီး အားကောင်းသော စည်းမျဉ်းစည်းကမ်းများမရှိခြင်းတို့က မြေရှားသတ္တု၊ သတ္တုအမျိုးမျိုး၊ ကျောက်စိမ်းနှင့် ပတ္တမြားအပါအဝင် အခြားသော တွင်းထွက်ပစ္စည်းများဖြစ်သည့် ရွှေ နှင့် အဖိုးတန် ကျောက်မျက်ရတနာများကို အလွန်အကျွံတူးဖော်ခြင်းများကို ဖြစ်ပေါ်စေပါတယ်။ အသေးစားနှင့် တစ်နိုင်တစ်ပိုင် ရွှေတူးဖော်ခြင်း (ASGM)က မြန်မာနိုင်ငံရှိ သတ္တုတူးဖော်ခြင်းကဏ္ဍကို လွှမ်းမိုးထားလျက်ရှိသည်။ အဆိုပါလုပ်ငန်းများမှ အမေရိကန် ဒေါ်လာ ၁.၂ ဘီလီယံကျော် ရရှိနေခြင်းဖြစ်သည်။ ယင်းကဲ့သို့ တစ်နိုင်တစ်ပိုင် တူးဖော်ခြင်း လုပ်ငန်းများ ပေါများလာပြီး ရွှေ နှင့် အခြားသော သတ္တုများ သန့်စင်ရာတွင် စနစ်တကျလုပ်ဆောင်မှု အားနည်းနေခြင်းတို့ကြောင့် အဆိပ်အတောက်ဖြစ်စေသော ဓာတုဓာတ်ငွေ့များ သဘာဝပတ်ဝန်းကျင်ထဲသို့ စီးဝင်စေပါသည်။ ထိုအရာသည် သဘာဝပတ်ဝန်းကျင်နှင့် သက်ရှိတို့၏ ကျန်းမာရေးအပေါ်တွင် ပြင်းထန်စွာ ထိခိုက်မှုများ ဖြစ်ပေါ်စေလျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် ဓာတုပစ္စည်း နှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (ဇ) အရ တရားဝင်တားမြစ်ထားသော်လည်း ပြဒါးနှင့် ဆိုင်ယာနိုက်ကဲ့သို့ အန္တရာယ်ရှိသော ဓာတုပစ္စည်းများကို အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းပြီး ရွှေတူးဖော်သန့်စင်ရေးလုပ်ငန်းများတွင် အသုံးပြုနေဆဲဖြစ်သည်။
ပြဒါးကို ရွှေတူးဖော်ရေးလုပ်ငန်းတွေမှာ ဘယ်လိုအသုံးပြုနေပါသလဲ။
ပြဒါးပေါင်းစပ်အသုံးပြုခြင်းသည် အသေးစား ရွှေတူးဖော်သန့်စင်ရေးလုပ်ငန်းများအတွက် လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်သည်။
သတ္တုတူးဖော်ရေး လုပ်သားများက ရွှေသတ္တုရိုင်းနှင့် ပြဒါးကို ရောနှောပြီး အလွိုင်းသတ္တုပြုလုပ်ပြီး၊ ယင်းအား လောင်ကျွမ်းစေခြင်းဖြင့် ပြဒါးအား အငွေ့ပြန်စေကာ ရွှေအား စွန့်ပစ်ကျောက်၊ မြေ နှင့် အခြားအနည်အနှစ်များမှ ခွဲထုတ်ရရှိစေပါသည်။
သတ္တုတူးဖော်ရေးလုပ်သားများသည် ဆိုင်ယာနိုက် အသုံးပြု၍ ရွှေသန့်စင်သည့် cyanidation ဟုခေါ်သော လုပ်ငန်းစဉ်တွင်လည်း ပြဒါးကို ထည့်သွင်းအသုံးပြုနိုင်ပါသည်။
ပြဒါးရဲ့ ဆိုးကျိုးတွေက ဘာတွေဖြစ်ပါသလဲ။
ပြဒါးသည် အလွန်အဆိပ်သင့်စေနိုင်ပါသည်။ ပတ်ဝန်းကျင်သို့ စွန့်ထုတ်ပါက သဘာဝပတ်ဝန်းကျင်နှင့် လူထုကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်ပါသည်။ သတ္တုတူးဖော်ခြင်းလုပ်ငန်းများ မှ ပြဒါးယိုဖိတ်မှုကြောင့် ငါးများသေဆုံးခြင်း၊ သောက်သုံးရေများတွင် ပျော်ဝင်ညစ်ညမ်းစေခြင်း နှင့် စိုက်ပျိုးမြေများ ထိခိုက်ပျက်စီးစေခြင်းတို့ကို အဓိကဖြစ်ပေါ်စေပါသည်။
အသေးစားနှင့် တစ်ပိုင်တစ်နိုင် ရွှေတူးဖော်ခြင်း ASGM သည် ရေနှင့် ကုန်းနေဂေဟစနစ်များတွင် ပြဒါးနှင့် သက်ဆိုင်သော ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုဖြစ်စေသည့် အကြီးဆုံးရင်းမြစ်တစ်ခုဖြစ်သည်။
ဥပမာ
- ဖိလစ်ပိုင် - ၂၀၀၇ ခုနှစ်တွင် ASGM ၏ မတူညီသော မိုင်းတွင်းနေရာများ၌ ၅ တန် မှ ၁၄၀ တန် ပမာဏအတွင်း ပြဒါးထုတ်လွှတ်လျက်ရှိပြီး မြေထု နှင့် ရေထုကို တိုက်ရိုက်ညစ်ညမ်းစေကာ လူထောင်ပေါင်းများစွာနှင့် ကလေးငယ်များကို သွယ်ဝိုက်၍ဖြစ်စေ ထိခိုက်စေလျက်ရှိသည်။
- အင်ဒိုနီးရှား - Grasber ရွှေတွင်းမှ ထွက်ရှိသော အဆိပ်အတောက် တန်ချိန် ၁၁၀,၀၀၀ ကို Ajikwa မြစ်ထဲသို့ စွန့်ပစ်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံကျော် တန်ဖိုးရှိ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှု နှင့် ဟက်တာ ၁၀၀,၀၀၀ ကျော်ရှိ မြေနေရာတွင် နေထိုင်နေကြသော လူ့အဖွဲ့အစည်းများကိုလည်း ထိခိုက်စေခဲ့သည်။
- ထိုင်း - Chatree ရွှေတွင်းအနီးတွင် နေထိုင်သူ ရာဂဏန်းကျော်ကို သတ္တုအဆိပ်သင့်မှုဆိုင်ရာ ဆေးစစ်မှုပြုလုပ်ခဲ့ပြီး၊ စမ်းသပ်ခံသူ ထက်ဝက်ကျော်နှင့် ကလေးငယ် ၄ဦးတွင် ၃ဦးက ပုံမှန်ထက်ပြင်းထန်သော သတ္တုအဆိပ်သင့်မှုကို ကြုံတွေ့ခဲ့ရကြောင်း တွေ့ရှိခဲ့သည်။ သတ္တုတွင်းအနီးအနားရှိ လူမှုအသိုက်အဝန်းအား အသက်ရှုရန်ခက်ခဲခြင်း နှင့် အရေပြားရောဂါများအပါအဝင် ပြင်းထန်သော နာမကျန်းမှုများဖြစ်ပေါ်စေခဲ့သည်။
ပတ်ဝန်းကျင် သက်ရှိများနေထိုင်ရာ ဂေဟစနစ်သို့ ပြဒါးယိုစိမ့်ညစ်ညမ်းမှုဖြစ်စဉ်
ပြဒါးနှင့် ထိတွေ့မှုကြောင့်ဖြစ်ပေါ်လာသော ကျန်းမာရေး ဆိုင်ရာ အကျိုးသက်ရောက်မှုတွေက ဘာတွေလဲ။
သတ္တုရိုင်းများ နှင့် စွန့်ပစ်ပစ္စည်းများမှ ထွက်ရှိလာသော ပြဒါးနှင့် ထိတွေ့မှုသည် လူသားနှင့်ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေပါသည်။ အာရုံကြော၊ ကိုယ်ခံအား နှင့် အစာခြေစနစ်များ၏ ဇီဝကမ္မဖြစ်စဉ်ကို ထိခိုက်စေပါသည်။ ပြဒါးနှင့် အချိန်ကြာမြင့်စွာ ထိတွေ့ခြင်းသည် အသက်အရွယ်မရွေး အထူးသဖြင့် အရွယ်ရောက်အမျိုးသမီးများနှင့် သန္ဓေသားများအတွက် ပိုမိုအန္တရာယ်ရှိပါသည်။ ပြဒါးသည် အောက်ဖော်ပြပါ ကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေပါသည်။
- အယ်လ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါ၊ အိပ်မပျော်ခြင်း၊ တုန်လှုပ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ motor dysfunctions အပါအဝင် အာရုံကြောဆိုင်ရာနှင့် အပြုအမူပိုင်းဆိုင်ရာချို့ယွင်းမှုများ
- ကျောက်ကပ်ပျက်စီးခြင်း နှင့် ကင်ဆာရောဂါများ
- အစာအိမ်နှင့် အူလမ်းကြောင်းရောဂါများ
- ကိုယ်ဝန်ဆောင်သည်များ ကိုယ်ဝန်ပျက်ကျခြင်းနှင့် ကလေးအသေမွေးခြင်း
- ကလေးများသည်လည်း အဆိပ်သင့်ငါးများကို စားသုံးမှုကြောင့် မှတ်ဉာဏ်အားနည်းခြင်း
- စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများ
ပြဒါးယိုစိမ့်မှုက ပတ်ဝန်းကျင်နှင့် တောရိုင်းတိရစ္ဆာန်တို့အားမည်ကဲ့သို့ သက်ရောက်မှုရှိသနည်း။
ပြဒါးကဲ့သို့လေးလံသောသတ္တုများကြောင့် မြေဆီလွှာအရည်အသွေးနှင့် သီးနှံဖြစ်ထွန်းနိုင်စွမ်းတို့ကို လျော့နည်းစေသည်။ မိုင်းဖောက်ခွဲခြင်းကြောင့် ရေထဲသို့ ဓါတုပစ္စည်းများလွင့်စင်ပြီး ရေနုတ်မြောင်းများမှတဆင့် စီးမျောခြင်းကြောင့် အက်စစ်ရေများဖြစ်ပေါ်လာစေသည်။ ထိုမှတဆင့် ရေအရည်အသွေးနှင့် ရေချိုတွင်မှီခိုနေသော သက်ရှိသတ္တဝါများကို ပြင်းထန်သော ဆိုးကျိုးများဖြစ်ပေါ်စေသည်။
စွန့်ပစ်ထားသောမိုင်းတွင်းများသည် အထက်ပါအကြောင်းရင်းများကြောင့် နီးစပ်ရာ သဘာပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေသည်။ ညစ်ညမ်းမှုကဲ့သို့သော ဘေးထွက်ဆိုးကျိုးများသည် လုပ်ငန်းခွင်နေရာအတွင်း ကောင်းမွန်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များမရှိဘဲ အလွယ်အကူပျောက်ကွယ်သွားခြင်းမရှိပါ။
အပင်များသည် ရေ၊ မြေကြီးနှင့် လေထုမှ အာဟာရများကို ရယူနေခြင်းဖြစ်သည်။
သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်နိုင်သော ဓါတုဆိုးကျိုးများမှာ
- ငါးမျိုးစိတ်များဆုံးရှုံးစေခြင်း
- ကျောရိုးမဲ့မျိုးစိတ်များဆုံးရှုံးခြင်းကြောင့် ငါးမျိုးစိတ်များ အစားအစာရှားပါးခြင်း
- ရေကြည်လင်မှုမရှိခြင်း (ရေညစ်ညမ်းလာခြင်း)
- ဆိုးကျိုးသက်ရောက်မှုကြောင့် ရောဂါကူးစပ်မှုနှုန်းများလာသည်နှင့်အမျှ ရေချိုနှင့် ကုန်းနေမျိုးစိတ်များကို ထိခိုက် သေဆုံးခြင်း
- မြေဆီလွှာအတွင်းရှိ အဏုဇီဝပိုးမွှားများကို နှောင့်ယှက်စေပြီး မြေဆီလွှာအရည်အသွေးနှင့် သီးနှံဖြစ်ထွန်းမှုအပေါ် အနှုတ်သဘောဆောင်သော သက်ရောက်မှုများဖြစ်စေခြင်း
- တိရစ္ဆာန်များ၏ တစ်သျှူးများတွင် ညစ်ညမ်းမှုများ စုဆောင်းနေခြင်းကြောင့် ၎င်းတို့ကို အန္တရာယ်ဖြစ်စေနိုင်ပြီး လူသားများအထိဆိုးကျိုးသက်ရောက်ခြင်း
- မြေဆီလွှာညစ်ညမ်းခြင်းကြောင့် အပင်နှင့် သီးနှံအထွက်နှုန်း လျော့နည်းကျလာခြင်း
နည်းလမ်းပေါင်းများစွာဖြင့် အသေးစား ရွှေတူးဖော်ခြင်း လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ ရေငုပ်ရှာဖွေခြင်း၊ ရွှေကျင်ခြင်း၊ မြစ်ချောင်းများကို မိုင်းဖောက်ခွဲကာ သောင်တူးခြင်းနှင့် ဟိုက်ဒရောလစ်သတ္တုတူးဖော်နည်း စသည်တို့ပါဝင်သည်။
ရွှေများကို မြစ်အနည်များနှင့် ကျောက်အနည်များတွင် တွေ့ရှိနိုင်သည်။ ရွှေသတ္တုရိုင်းထုတ်ယူရန် အဓိကနှင့် အရိုးရှင်းဆုံးနည်းလမ်းမှာ မြေအောက် သို့မဟုတ် တွင်းပွင့်တူးဖော်ခြင်းမှတဆင့် တူးဖော်ခြင်းဖြစ်သည်။
တူးဖော်ရေးလုပ်ငန်းစဉ်ပြီးဆုံးပါက ရွှေသတ္တုရိုင်းကို ကျောက်ခွဲစက်ဖြင့် ထုခွဲပြီး ရလာသောအမှုန့်များကို ဒယ်အိုးထဲတွင် ရေထည့်ကာ ရွှေမော်လီကျူးများကို ကမ္ဘာ့ဆွဲငင်အားနဲ့ ခွဲထုတ်ရသည်။
ရွှေမှုန်များသည် ဒယ်အိုး၏အောက်ခြေတွင် သဲများနှင့်အတူအနည်ကျနေသည်။ ၎င်းတို့ကို သီးခြားခွဲထုတ်ရန် ပြဒါး (သို့မဟုတ် တခါတရံ ဆိုင်ယာနိုက်) ကို ဒယ်အိုးထဲသို့ထည့်ကာ ရွှေနှင့်ပေါင်းစပ်အောင်ပြုလုပ်ပြီး အလွယ်တကူ ထုတ်ယူနိုင်သည်။ ထိုမှတဆင့် ပြဒါးသတ္တုစပ်ဖြစ်သော အမာလ်ဂမ်ကို အပူပေးကိရိယာမှတဆင့် အငွေ့ပြန်စေပြီး သန့်စင်သောရွှေရရှိသည်။ ပြဒါးသည် လေထုထဲသို့အငွေ့ပြန်သွားသည်နှင့်တပြိုင်နက် ပတ်ဝန်းကျင်တွင် ကျန်ရှိနေသည်ကို သတိပြုရမည်ဖြစ်သည်။
လူသားများနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချနိုင်မည့် အချက် (၄) ချက်
>> ဖိုင်ကိုဒီမှာ ဒေါင်းလုပ်ရယူပါ။ >>
ကျွန်ုပ်တို့၏ ယနေ့ကြိုးပမ်းဆောင်ရွက်မှုများသည် မနက်ဖြန်အတွက် အောင်မြင်မှုများကို ဖန်တီးပေးသည်။
မြန်မာ့သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုများကို သိရှိနိုင်စေရန် မိတ်ဆွေ၏ မှတ်တမ်းများကို ဒီနေရာတွင် မျှဝေလိုက်ပါ။
References
EITI
PACT (2018). State of Artisanal Mining in Myanmar
MCRB. (2018). Sector Wide Impact Assessment of Limestone, Gold and Tin Mining in Myanmar. Yangon: Myanmar Centre for Responsible Business (MCRB)
United Nations Environment Programme (UNEP). Global Mercury Assessment 2018; United Nations: New York, NY, USA, 2019.
Bant toxics! (2011). The price of gold: Mercury Use and Current Issues Surrounding Artisanal and Small-Scale Gold Mining in the Philippines https://news.mongabay.com/2017/10/grasberg-mines-rich- es-still-a-distant-glitter-for-papuan-communities/ https://www.eco-business.com/news/thai-gold-mine-set-to-re- open-even-as-locals-reel-from-heavy-metal-poisoning/
Silva-Rêgo LL, Almeida LA, Gasparotto J (2022) Toxicological effects of mining hazard elements. Eng Geosci 3(3):255–262
Rama Karn et al. (2021). A review on heavy metal contamination at mining sites and remedial techniques. IOP Conf. Ser.:Earth Environ. Sci. 796