Post main image

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင် ရွှေတူးဖော်မှုမှာ အလွန်ဆိုရွားသော အခြေအနေသို့ ရောက်ရှိလာ

ကချင်ပြည်နယ်ရှိ မြစ်ကြောင်းများအနီး နေထိုင်လျက်ရှိသော ဒေသခံများသည် စစ်တပ်အာဏာသိမ်းမှု၏ ရိုက်ခတ်မှုဒဏ်အပြင် လက်နက်ကိုင် ပဋိပက္ခများ ပြန်လည်ဖြစ်ပွားခြင်း နှင့် စီးပွားရေးပြိုလဲမှု၏ အကျိုးသက်ရောက်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရသည်။ ယမန်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုအပြီးတွင်  ရွှေအလုအယက်ရှာဖွေမှုကြောင့် ယင်းဒေသရှိ ရေလမ်းကြောင်းများ ညစ်ညမ်းကာ လယ်မြေများ အဆိပ်သင့်ခြင်းတို့ကို လည်း ၎င်းတို့အနေဖြင့် ရုပ်ပျက်ဆင်းပျက် ရင်ဆိုင်ရလျက်ရှိသည်။

Yale School of the Environment မှ ယခုလ အစောပိုင်းတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ မြောက်ဘက်စွန်းရှိ ကြွယ်ဝပေါများသော နှုန်းတင်မြေနုများ နှင့် သဘာဝမြေဆီလွှာများအား အဖိုးတန်သတ္တုများ တူးဖော်ရန်အတွက် လုယူသိမ်းပိုက်နေသည့် အကြောင်းကို ဖော်ပြခဲ့သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရွှေတူးဖော်မှုမှာ ဆယ်ဆတိုးမြင့်လာသည်ဟု တက်ကြွလှုပ်ရှားသူတစ်ဦး၏ ပြောစကားကိုကိုးကားလျက်  ဖော်ပြထားသည်။ အထင်ရှားဆုံးနေရာများတွင် ဟူးကောင်းချိုင့်ဝှမ်း၊ အင်းတော်ကြီးကန်အနီးအနားဒေသများ၊ ပူတာအိုခရိုင်၏ မြောက်ဘက်အစွန်ဆုံးသစ်တောများနှင့် မေခ နှင့် မလိခ မြစ်များပေါင်းစည်းကာ ဧရာဝတီမြစ်ကို ဖြစ်ပေါ်လာစေသည့် မြစ်ဆုံ နေရာများဖြစ်သည်။

ယင်းဒေသသည် ယခင်ကာလက  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားမှုကြောင့် ၂၀၁၁ ခုနှစ်ကတည်းက ဆိုင်းငံ့ထားခဲ့သော တရုတ်ကျောထောက်နောက်ခံပေးထားသည့် အကြီးစား ရေကာတာစီမံကိန်းတစ်ခု၏ စီမံကိန်းတည်နေရာဖြစ်သည်။ ထိုဒေသသည် ကချင် ခရိုနီသူဌေးကြီး Yup Zau Hkawng ပိုင်ဆိုင်သော မိုင်းတွင်းအင်ပါယာ၏ အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်လာသောကြောင့် ဝမ်းနည်းစရာကောင်းသော ဖြစ်ရပ်တစ်ခုသာဖြစ်သည်ဟု ဆိုနိုင်ပါသည်။ အဆိုပါ ခရိုနီသူဌေးကြီး၏ကုမ္ပဏီ Jadeland သည် ပြည်နယ်အစိုးရက ၂၀၂၀ ခုနှစ်တွင် လုပ်ကိုင်ခွင့်ပြုပေးထားခဲ့သည့် မြေအကျယ်အဝန်း လေးဧက ၏ အပြင်ဘက်နေရာများတွင် စက်ယန္တရားကြီးများဖြင့် တူးဖော်လုပ်ကိုင်နေကြောင်း ဒေသခံများက Frontier မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။

မြစ်ဆုံရှိ ဒေသခံများ၏ ပြောကြားချက်အရ တစ်ခါတစ်ရံတွင် မြေကော်ကားများဖြင့် ၎င်းတို့၏ လယ်ယာမြေများကို တူးဆွပြီးနောက် ၎င်းတို့၏ မြေနေရာများကို ကုမ္ပဏီအား ရောင်းချရန် အတင်းအဓမ္မ ဖိအားပေးခံရပြီး ၎င်းတို့၏ သတ္တုတူးဖော်မှုရပ်တန့်ရေးတောင်းဆိုချက်များကို ကချင်ဒေသတွင်းခေါင်းဆောင်များက တားဆီးပိတ်ပင်နေသည်ဟု ဆိုသည်။ ထိုကဲ့သို့ဖြစ်နေခြင်းမှာ Yup Zau Hkawng သည် ဆယ်စုနှစ်ကြာ စစ်ဖြစ်ပွါးနေသော မြန်မာစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အစရှိသည့် နှစ်ဖက်စလုံးနှင့် အချိတ်အဆက် အားကောင်းနေခြင်းနှင့် ကချင်ရိုးရာပွဲအခမ်းအနားများ ကို ငွေကြေးပံ့ပိုးပေးနေခြင်းတို့ကြောင့်ပင် ဖြစ်သည်။ The Frontier အစီရင်ခံစာ မှ ထုတ်ဖော်ချက်အရ ဒေသခံများနှင့် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ တို့၏ တွေ့ဆုံမှုတွင် ဩဇာကြီးမားသော ထိုအဖွဲ့သည် ထိုခရိုနီသူဌေးအား ထောက်ခံပြောဆိုခဲ့ကြောင်း၊ ဆန္ဒပြမှုများကို ရပ်တန့်ရန် ဒေသခံများအား ဖိအားပေး၍ ကတိပြုလက်မှတ်ထိုးစေကြောင်း၊ ဒေသခံများမှ ထိုသို့လုပ်ဆောင်ရန် ငြင်းဆိုခဲ့ကြောင်း သိရသည်။

ရွှေတူးဖော်မှုသည် မြန်မာနိုင်ငံ၏ ကြီးမားသော စီးပွားရေးလုပ်ငန်းအဖြစ် ကာလကြာရှည်စွာ ရပ်တည်လျက်ရှိသည်။ မန္တလေး အလယ်ပိုင်းဒေသတွင် မြောက်မြားစွာသော သတ္တုတူးဖော်ခွင့်များ ချထားပေးပြီး စစ်တပ်ပိုင် လုပ်ငန်းစုဖြစ်သော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကို ၂၀၂၀ ခုနှစ်တွင် ဧက ၅၀၀ ကျော်လုပ်ကွက်ဖြင့် လုပ်ပိုင်ခွင့်ပေးထားသည်။ အဆိုပါ လုပ်ငန်းမှ ရရှိသော ငွေကြေးအကျိုးအမြတ်များကို မြန်မာလူမှုအသိုက်အဝန်းကို အလွန်အမင်း ထိခိုက်နစ်နာစေသည့် အရာများအတွက် အသုံးပြုနေကြောင်း ရွှေလုပ်ငန်းရှင် ဦးစိုးထွန်းစိန်ကိစ္စကို ဥပမာအားဖြင့် သုံးသပ်သိရှိနိုင်သည်။ ၂၀၁၅ ခုနှစ်တွင် ထိုရွှေလုပ်ငန်းရှင်ကြီးသည် အမေရိကန်ဒေါ်လာ ၇ သောင်းနှင့်ညီမျှသော ၁.၆ ကီလိုဂရမ် အလေးချိန်ရှိ ရွှေများကို လူမျိူးရေးဝါဒီအဖွဲ့ မ.ဘ.သ သို့ ၂၀၁၉ ခုနှစ်တွင် အဖမ်းဆီးမခံရမီ လှူဒါန်းခဲ့သည်။ ထို့အပြင် ၎င်း၏ ရွှေတူးဖော်ရေးလုပ်ကွက်များကို ပိတ်သိမ်းရမည်ဟူသော အစိုးရ၏ အမိန့်ဆုံးဖြတ်ချက်ကို ဖီဆန်သည့်အတွက် တရားဆွဲခံရသည်။

ရွှေတူးဖော်မှုလုပ်ငန်းများသည် ကချင်တွင် “မှိုပေါက်သလို နေရာတိုင်းမှာရှိ” ပြီး ကြီးမားသော စက်ကြီးများဖြင့် တူးဖော်နေသော လုပ်ကွက်ကြီးများနှင့်အတူ လုပ်ကွက်ငယ်များ၊ လက်ယက်တူးဖော်မှုများလည်းရှိကြောင်း Yale အစီရင်ခံစာအရ သိရသည်။ စစ်အာဏာသိမ်းပြီးနောက် ထောင်ပေါင်းများစွာသောလူများသည် အလုပ်လက်မဲ့နှုန်းမြင့်မားလာမှုနှင့် လူနေမှုစရိတ်မြင့်မားလာမှုကြောင့် အဆိုပါလုပ်ငန်းသို့ စုပုံရောက်ရှိလာသည်။ မတရား ဖြုတ်ချခံခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက်တွင် သဘာဝသယံဇာတထုတ်ယူမှုကို ထိန်းကျောင်းရေး မှာ အကန့်အသတ်ဖြင့် တိုးတက်မှုများ ရှိခဲ့သည့် ပြည်နယ်တွင် တရားဥပဒေစိုးမိုးရေး ပျက်ပြားသွားသဖြင့် သတ္တုတူးဖော်ခြင်းလုပ်ငန်းများ ပိုမိုများပြားလာခဲ့သည်။

ထို့အပြင် ၁၉၉၄ ခုနှစ်မှ စတင်သည့် ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေးကာလတွင် သတ္တုတွင်းလုပ်ငန်းသည် အသေးစားအလေ့အထမှ အကြီးစား ထုတ်ယူမှုအထိ အမှန်တကယ် ဖြစ်ထွန်းလာခဲ့သော်လည်း ရွှေနှင့် အခြားသော သတ္တုတူးဖော်ခြင်းသည် ကချင်ပြည်နယ်တွင် တိုက်ပွဲဖြစ်နေသော ပြည်တွင်းစစ်ရှိ နှစ်ဦးနှစ်ဖက်လုံး၏ ဘဏ္ဍာငွေကို အထောက်အပံ့ပေးလျက်ရှိသည်။ ဒီဇင်ဘာလတွင် လူထု၏ဖိအားကို တုံ့ပြန်သည့်အနေဖြင့် KIO သည် မြစ်ဆုံဒေသမပါဟုသိရသော၊ ၎င်း၏ ထိန်းချုပ်နယ်မြေများတွင် ရွှေတူးဖော်မှုကို တရားဝင် တားမြစ်ခဲ့သည်။ သို့သော် Yale နှင့် Frontier တို့က တိုင်းရင်းသားလက်နက်ကိုင်များ၏ သဘောထားမှန်ကန်မှု ရှိမရှိအပါ် သံသယရှိကြောင်း KIO နှင့် KIO မဟုတ်သော အဖွဲ့အစည်းမှ ထိန်းချုပ်သော နယ်မြေများရှိ ဒေသခံများ၏ ပြောကြားချက်များကို ကိုးကားလျက် သတင်းဖော်ပြထားသည်။ ထိုအဖွဲ့အစည်းသည်လည်း ၎င်းတို့သည် မြစ်ဆုံနှင့် ကချင်ပြည်နယ်ရှိ အခြားနေရာများတွင်  ရွှေတူးဖော်မှုအပေါ် အခွန်စည်းကြပ်လျက်ရှိကြောင်း Frontier သို့ အတည်ပြုပြောကြားခဲ့ပြီး အဆိုပါ လုပ်ငန်းများသည် ဆက်လက် အကျိုးစီးပွါးဖြစ်ထွန်းလျက်ရှိကြောင်းကိုလည်း ဆိုသည်။

သတ္တုတူးဖော်ခြင်း လုပ်ငန်းစဉ်တွင် မြစ်ကြမ်းပြင်မှ အနည်များကို တူးဖော်ခြင်း သို့မဟုတ် ပိုက်များကို အသုံးပြု၍ ပွင့်နေသောတွင်းများမှ မြေဆီလွှာများကို ဖြည်ထုတ်ကာ မိုင်းတွင်းလုပ်သားများ လက်ဗလာဖြင့် ကိုင်တွယ်လုပ်ဆောင်နေသည်ဟု ကြားသိရသော အဆိပ်သင့် ဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် ပြဒါး၏ အကူအညီဖြင့် ရွှေများကို သန့်စင်ပေးခြင်းတို့ ပါဝင်သည်။ တူးဖော်ခြင်း၊ တူးဆွခြင်း၊ ရေဖောက်ထုတ်ခြင်းနှင့် ပြဒါးအသုံးပြုခြင်းတို့သည် လယ်ယာမြေများ၊ စမ်းချောင်းများနှင့် မြစ်များကို ညစ်ညမ်းစေပြီး တိုက်စားမှု၊ တောပြုန်းစေမှု၊ မြေပြိုမှု နှင့် ရေကြီးရေလျှံမှုတို့ကို ဖြစ်ပေါ်စေသည်။ သတ္တုတူးဖော်ခြင်းသည် ရွာသားများနှင့် အဆိုပါ သတ္တုတူးဖော်ခြင်းလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများ သို့မဟုတ် သတ္တုတူးဖော်ခြင်းလုပ်ငန်းများသို့ မြေယာများကို ရောင်းချထားသော သူများအကြား တင်းမာမှုများဖြစ်စေခြင်းကြောင့် လူမှုအသိုက်အဝန်းအတွင်း ပဋိပက္ခကို ဖန်တီးပေးသည်ဟု Yale အစီရင်ခံစာက ဆိုသည်။

အဆိုပါ အစီရင်ခံစာတွင် ပျောက်ကွယ်သွားသော ဘဝနေထိုင်မှုပုံစံများကို ဖော်ပြထားသည်။ “အရင်တုန်းကဆိုရင် ကျွန်ုပ်တို့ အစားအစာလိုအပ်လို့ရှိရင် စမ်းချောင်းကိုသွားပြီး ငါးဖမ်းလိုက်ရုံပဲ။ အခုတော့ ငါးတွေအတွက် ရေလည်းမရှိတော့ဘူး။ ကျွန်ုပ်တို့မှာလည်း စားဝတ်နေထိုင်ရေးအတွက် လုပ်ကိုင်စားသောက်ဖို့ မြေလည်းမရှိတော့ဘူး။ လယ်ယာမြေဆိုတာ ကျွန်ုပ်တို့အတွက် စကားလုံးတစ်ခုအဖြစ်သာ ကျန်ရှိပါတော့တယ်။” ဟု နမ်စန်ရန်ရွာတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

ဓာတ်ပုံ -  Stock Photography / Shutterstock

နောက်တစ်ခု မှော်ဆန်သော သစ်တောများ - မြန်မာနိုင်ငံ၏ သဘာဝရာသီဥတုအား စောင့်ရှောက်နေသူ