
မြန်မာနိုင်ငံ၏ အကျိုးမပေးသော ဆီအုန်းကဏ္ဍကို စစ်တပ်က ပြန်လည်အာရုံစိုက်လာ
စံချိန်တင် ပျက်စီးဆုံးရှုံးမှုများနှင့် စီးပွားရေးဆိုင်ရာ ကျရှုံးမှုများ ကြုံနေရသော်လည်း စစ်အစိုးရသည် အမျိုးသား ဖူလုံရေးအစီအစဉ်သစ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆီအုန်းကို တိုးချဲ့စိုက်ပျိုးရန် လုပ်ဆောင်နေသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီနည်းကျတိုးတက်မှုများကို နောက်ကြောင်းပြန်လှည့်ရန် စစ်အစိုးရ၏ကြိုးပမ်းမှုသည် ပုံမှန်ကြုံတွေ့နေကျအရာတစ်ခုကဲ့သို့ပင် အံ့အားသင့်ဖွယ်ရာ မရှိခဲ့ပေ။ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏ရှည်လျားသော မိန့်ခွန်းအများအပြားတွင် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ပြန်လည်ဆန်းသစ်ရေး မျှော်မှန်းချက်ကို ထုတ်ဖော်လေ့ရှိပြီး ယင်းတွင် လယ်သမားများအနေဖြင့် ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိအောင် စိုက်ပျိုးရန်နှင့် ပိုလျှံမှုများကို ပြည်ပသို့ရောင်းချရန်တို့ ပါဝင်သည်။ ယခင်မြန်မာ့အာဏာသိမ်းခေါင်းဆောင်များကဲ့သို့ပင် မင်းအောင်လှိုင်သည် စစ်အာဏာရှင်ကိုဆန့်ကျင်သည့် လက်နက်ကိုင်အဖွဲ့များအား ခြိမ်းခြောက်ရန် လိုအပ်သည်များကို နှစ်စဉ် ဒေါ်လာ ဘီလီယံနှင့်ချီ၍ သုံးစွဲကာ ဝယ်ယူ တင်သွင်းနေသည်။
မင်းအောင်လှိုင်မတိုင်မီ နောက်ဆုံးအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် သွင်းကုန်အစားထိုးအစီအစဉ်များဟုဆိုကာ မြန်မာ့လယ်သမားများအား ဆိုးဆိုးရွားရွားထိခိုက်နစ်နာစေခဲ့ပြီး ယင်းတို့အနက် နာမည်ဆိုးအထွက်ဆုံးမှာ ရေနံတင်သွင်းမှုလျှော့ချရန်ဟုဆိုကာ ဇီဝလောင်စာအတွက် ကြက်ဆူပင်များအား အတင်းအကျပ်ဖိအားပေး၍ စိုက်ပျိုးစေမှုဖြစ်သည်။ သို့သော် မင်းအောင်လှိုင်ကမူ စားသုံးဆီများကို ပို၍အာရုံကျနေဖွယ်ရှိသည်။ (၎င်း၏စစ်တပ်များက ကျေးရွာများအား မီးရှို့ခြင်းနှင့် အကူအညီပေးရေး ယာဉ်တန်းများအား ပိတ်ဆို့ထားခြင်းတို့ကို ပြုလုပ်နေသည်ဟု သတင်းများတွင် ဖော်ပြနေချိန်တွင်) အများပြည်သူကျန်းမာရေးကို စိုးရိမ်သည်ဟုဆိုကာ မင်းအောင်လှိုင်က ပြည်သူများအနေဖြင့် တစ်နှစ်လျှင် ဆီစားသုံးမှုအား ၁၆ ကီလိုဂရမ်ထက်ကျော်လွန် စားသုံးမှုကို လျှော့ချရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ အာဏာသိမ်းစစ်အစိုးရထိန်းချုပ်ထားသော သတင်းစာများကလည်း ပြည်သူများ၏ ဆီစားသုံးမှုများပြားသော အလေ့အထများအတွက် ဝေဖန်သည့်ဆောင်းပါးများကို ထည့်သွင်းဖော်ပြခဲ့သည်။
လက်တွေ့တွင်မူ မင်းအောင်လှိုင်သည် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားခြင်း နှင့် မြန်မာကျပ်ငွေတန်ဖိုး အလွန်အမင်းကျဆင်းကာ စစ်အာဏာရှင်၏ ငွေကြေးကို ဆုတ်ယုတ်သွားစေပြီး ၎င်း၏ ပြည်ပအရန်ငွေကြေးတို့ အကြီးအကျယ်ထိုးကျသွားချိန်တွင် ဖြစ်ပေါ်လာသော ကုန်သွယ်ရေးမညီမျှမှုကို ပိုမိုစိုးရိမ်နေသည်။ မြန်မာနိုင်ငံတွင် အထူးသဖြင့် မြေပဲဆီ၊ နှမ်းဆီနှင့် နေကြာဆီအစရှိသည့် စားသုံးဆီအမျိုးမျိုးဖြင့် ပြည်တွင်းစားသုံးမှု ဖူလုံနေခဲ့ပြီးဖြစ်သည်။ သို့သော် ၁၉၉၀ ပြည့်လွန်နှစ်များတွင် အာဏာသိမ်းစစ်အစိုးရဟောင်းက အင်ဒိုနီးရှားနှင့် မလေးရှားတို့မှ စားအုန်းဆီများအား တင်သွင်းခွင့်ပြုခဲ့ရာ နိုင်ငံထဲတွင် အလွန်အမင်းဈေးပေါသော ထိုစားအုန်းဆီအား သုံးစွဲမှုမှာ ထိုးတက်သွားခဲ့သည်။ ယင်းမှတစ်ဆင့် အလွန်အမင်းထိခိုက်ဆုံးရှုံးရသော ကုန်သွယ်ရေးမညီမျှမှုသည် ယနေ့အချိန်အထိ ဆက်လက်ဖြစ်ပေါ်နေပြီး ပြီးခဲ့သောနှစ်တွင် မြန်မာနိုင်ငံတွင်စားသုံးနေသော စားသုံးဆီ တန်ချိန် ၁ သန်းတွင် တန်ချိန် ၇ သိန်းသည် ပြည်ပမှ တင်သွင်းရကြောင်း အစိုးရသတင်းစာဖြစ်သော The Global New Light of Myanmar တွင် ဖော်ပြထားသည်။
၁၉၉၉ ခုနှစ်တွင် စတင်ဖန်တီးခဲ့သော အမျိုးသား ဖူလုံရေး နှစ် (၃၀) စီမံချက်သည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးအား နိုင်ငံ၏ “ဆီအိုး” အဖြစ် အကောင်ထည်ဖော်ခဲ့ပြီး အဆိုပါနှစ် နောက်ပိုင်းတွင် ဒေသတွင်း ဆီအုန်း စိုက်ပျိုးရန် ဧက ၁.၉ သန်းကို နိုင်ငံသားပိုင်ကုမ္ပဏီ (အများအားဖြင့် စစ်တပ်နှင့် ချိတ်ဆက်မှုရှိသော ကုမ္ပဏီ) အခု ၄၀ ကို လည်းကောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ၄ ခုကိုလည်းကောင်း လုပ်ကိုင်ခွင့်ပေးခဲ့သည်။ အဆိုပါ ပေးအပ်လိုက်သော “မြေလွတ်” များသည် အသေးစားလယ်ယာလုပ်ကိုင်ကြသော လယ်သမားများ သို့မဟုတ် မြန်မာစစ်တပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) အကြား ပဋိပက္ခစစ်ပွဲများကြောင့် စစ်ရှောင်ထွက်ပြေးလာခဲ့ကြသော ကရင်တိုင်းရင်းသားအများအပြား မှီတင်းနေထိုင်ရာနေရာဖြစ်ခဲ့သည်။ အဆိုပါလူ့အသိုက်အဝန်းများသည် မြေယာပိုင်ဆိုင်မှုဆိုင်ရာ တရားဝင် အထောက်အထား အချက်အလက်များခိုင်မာမှု အားနည်းခြင်းတို့ကြောင့် ဆီအုန်းစိုက်ပျိုးမြေ လုပ်ပိုင်ခွင့်များနှင့်ပတ်သက်၍ မြေယာပဋိပက္ခများ ဖြစ်ပေါ်လာပြီး အများစုမှာ ဖြေရှင်းနိုင်ခြင်းမရှိသေးပါ။
အဆိုပါ မြေယာသိမ်းပိုက်မှုတွင် စီးပွားရေးဆိုင်ရာ အားသာမှု အနည်းငယ်သာရှိသည်။ Scientific Reports ဂျာနယ်၏ လေ့လာမှုဆန်းစစ်မှု အရ လုပ်ပိုင်ခွင့်ရှိသော ဧရိယာအားလုံး၏ ၁၅ ရာခိုင်နှုန်းသာ ဆီအုန်း စိုက်ပျိုးထားကြောင်း သိရသည်။ ထို့အပြင် ရှိပြီးသား စိုက်ခင်းများကိုလည်း ကောင်းမွန်စွာ စိုက်ပျိုးထိန်းသိမ်းထားခြင်းမရှိကြောင်းကို မလေးရှားနိုင်ငံတွင် တွေ့မြင်နိုင်သည့် အတန်းလိုက် ထူထပ်စွာစိုက်ပျိုးထားသော ဆီအုန်းများနှင့် နှိုင်းယှဉ်ပါက သိရှိနိုင်ပြီး ကြိတ်ခွဲစက်များ ရှားပါးမှုကြောင့်လည်း အသီးအနှံ အများအပြား အကြွင်းကျန်ကာ ပုပ်သိုးလျက်ရှိသည်။ ရလဒ်အားဖြင့် အဆိုပါ ပြည်တွင်းထုတ်လုပ်မှုသည် နိုင်ငံခြားမှ ဆီအုန်းသွင်းကုန်ပမာဏကို ပိုမိုလျော့နည်းစေရန် အထောက်အကူမဖြစ်ပါ။ New Mandala ၏ ဆောင်းပါးတစ်ခုတွင် ကိုးကားဖော်ပြထားသော စိုက်ပျိုးရေးဦးစီးဌာန၏ ကိန်းဂဏန်းများအရ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်အတွင်း ပြည်တွင်း ဆီအုန်းထုတ်လုပ်မှုမှာ ၁.၂ ရာခိုင်နှုန်းသာရှိခဲ့ပြီး ၎င်း၏ သုံးပုံတစ်ပုံမှာ အရည်အသွေးညံ့ဖျင်းမှုကြောင့် ဆပ်ပြာပြုလုပ်ရန်သာ အသုံးပြုခဲ့ရသည်။
လုပ်ပိုင်ခွင့်ရရှိသူများမှာ ဆီအုန်းထုတ်လုပ်မှုတွင် စိတ်အားထက်သန်မှုနည်းပါးရုံသာမက တစ်ဖက်တွင် အရှေ့တောင်အာရှ၏ အကြီးဆုံး အနိမ့်ပိုင်း-ကုန်းမြင့် သစ်တော ဧရိယာတစ်ခုကို ခုတ်ထွင်သိမ်းယူရန်သာ ဆန္ဒပြင်းပြလျက်ရှိသည်။ အဖိုးတန်သစ်မာ ဧရိယာကို ခုတ်ထွင်လိုသည့် ပင်မဦးတည်ချက်တစ်ခုတည်းအတွက် တောင်ကိုးရီးယား-စင်္ကာပူ ဖက်စပ်လုပ်ငန်းဖြစ်သော Myanmar Auto Corporation ကို သစ်တော ဧက ၁၃,၀၀၀ ကို ခုတ်ထွင်ရှင်းလင်းခွင့်ပြုလိုက်သည်မှာ သိသာထင်ရှားသည်။ သို့သော် ၂၀၁၁ ခုနှစ်တွင် လုပ်ပိုင်ခွင့်ချပေးခဲ့သော ဘုတ်ပြင်းမြို့နယ်ရှိ အဆိုပါ ဆီအုန်းစိုက်ပျိုးခွင့်ရှိသော မြေနေရာတွင် ၎င်းတို့သည် ဧက ၃၃၅၁ ကိုသာ ကျိုးတိုးကျဲတဲ စိုက်ပျိုးပေးခဲ့သည်။
အဆိုပါ စီးပွါးရေး ကျရှုံးမှုနှင့် လက်လွတ်ဆုံးရှုံးမှု မှတ်တမ်းသည် မင်းအောင်လှိုင်အား ၎င်း၏ ကိုယ်ပိုင် အမျိုးသားဖူလုံရေးအတွက် ဆောင်ရွက်မှုတစ်ခုဖြစ်သည့် ဆီအုန်းစိုက်ပျိုးခြင်းကို အားပေးနေခြင်းမှ ဟန့်တားနိုင်ပုံ မရပါ။ ယမန်နှစ် ဩဂုတ်လတွင် သူ့ကိုယ်သူ ဝန်ကြီးချုပ်ရာထူးပေးအပ်ခဲ့ပြီးနောက် “စားအုန်းဆီ တင်သွင်းမှုများကို လျှော့ချနိုင်ရန်” တနင်္သာရီတိုင်းဒေသကြီးအား “ဆီအိုးကြီး” အဖြစ် တဖြည်းဖြည်း ထူထောင်ရန် လိုအပ်ကြောင်း ၎င်း၏ အစိုးရအဖွဲ့ကို ပြောကြားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးသည် ၎င်း၏ နောက်ပိုင်း မိန့်ခွန်းများတွင် ဒေသတွင်း စားအုန်းဆီနှင့်ပတ်သက်၍ အဓိကထား ပြောကြားခြင်းမရှိတော့ပါ။ မတ်လ ၃၀ ရက်နေ့တွင် ၎င်း၏ အစိုးရအဖွဲ့ကို ပြောကြားသော မိန့်ခွန်းတွင် “တစ်ဦးခြင်း ဆီစားသုံးမှု”နှင့် ပတ်သက်၍ ၎င်း၏ စိုးရိမ်ပူပန်မှုကို ထပ်လောင်းပြောကြားခဲ့ပြီး “စားသုံးနိုင်သော ဆီများကို တိုးမြှင့်ထုတ်လုပ်ရန် အကောင်းဆုံး နည်းလမ်းများကို ရှာဖွေကြံဆရန်” အဓိကထား တိုက်တွန်းခဲ့သည်။ မြေပဲနှင့် နှမ်းကဲ့သို့သော စားသုံးဆီမျိုးအပေါ် အထူးစိတ်ဝင်စားမှုရှိပြီး “နှစ်ဆ” စိုက်ပျိုးရန် အကြံပြုထားသည်။ အတိအကျသတ်မှတ်ထားခြင်းမရှိသော “စားသုံးဆီသီးနှံများ” တွင် ရင်းနှီးမြှုပ်နှံရန် ပန်ကြားချက်ကို အစိုးရပိုင် သတင်းစာများတွင် ဧပြီလ ၅ ရက်နေ့၌ ကြေညာခဲ့ပြီး အစိုးရအာဏာပိုင်များမှ “လိုအပ်သည့် ကူညီပံ့ပိုးမှုများ” လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားသည်။
သို့သော် မင်းအောင်လှိုင်၏ အစီအစဥ်တွင် ပြည်တွင်းစားအုန်းဆီကဏ္ဍသည် သေချာရေရာမှုမရှိချိန်တွင် မတ်လ ၂၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာဖြစ်သော The Global New Light of Myanmar တွင် မြိတ်ခရိုင်တွင် ဆီထုတ်လုပ်ရေး စက်ရုံများ တိုးချဲ့တည်ဆောက်ခြင်းနှင့် “စိတ်အားထက်သန်သော စိုက်ပျိုးတောင်သူများအား” ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးမှုသင်တန်းများ ပို့ချပေးခြင်းနှင့်အတူ ဆီအုန်းစိုက်ခင်းကို ဧက ၅၀၀၀ တိုးချဲ့ စိုက်ပျိုးခြင်းများပါဝင်သည့် ၅ နှစ်တာ စီမံကိန်းကို ဆောင်းပါးရေးသားဖော်ပြခဲ့သည်။
အဆိုပါ တိုးချဲ့စိုက်ပျိုးမှုသည် ဒေသရှိ သစ်တောများနှင့် မြေယာအသုံးချခွင့်များ ဆုံးရှုံးလျက်ရှိသော ဒေသခံပြည်သူလူထုအတွက် ပိုမို နစ်နာဆုံးရှုံးနိုင်ဖွယ် တစ်ခုပင် ဖြစ်လိမ့်မည်။ သတ္တုတူးဖော်ခြင်းနှင့် သစ်ခုတ်ခြင်းကဲ့သို့သော သဘာဝသယံဇာတများအား တိုက်ရိုက် လုယူသည့်ပုံစံကို ပိုမို အာရုံစိုက်လာနေစဉ် စက်မှုလယ်ယာစိုက်ပျိုးရေးသည် မြန်မာ့ သဘာဝပတ်ဝန်းကျင် နှင့် အဆိုပါ သဘာဝပတ်ဝန်းကျင်ကို မှီခိုနေကြသော သန်းပေါင်းများစွာသော ပြည်သူများအတွက် အန္တရာယ်ဖြစ်စေနိုင်ကြောင်း မြန်မာနိုင်ငံရှိ ဆီအုန်းနှင့်ပတ်သက်သော အကြောင်းအရာများက ဖော်ပြနေသည်။
ဓာတ်ပုံ - Stock Photography / Shutterstock