Post main image

မြန်မာနိုင်ငံ၏ အွန်လိုင်းပေါ်ရှိ တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုက ကျွန်ုပ်တို့အားလုံးအတွက် အန္တရာယ်တစ်ခုဖြစ်နေ

မြန်မာ့စောင့်ကြည့်သူအများအပြားသည် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းလားနှင့် မွန်ပြည်နယ်ရှိ ကျိုက်ထိုမြို့တို့တွင် တောရိုင်းတိရစ္ဆာန် လဟာပြင်ဈေးတို့၌ ဝက်ဝံအမွေးပါသားရေခွံများ၊ ကျားလိင်တံများနှင့် လှောင်အိမ်ထဲတွင်ဖမ်းဆီးထားသောငှက်များအား အခြားတိရစ္ဆာန်ထုတ်ကုန်များနှင့်အတူ အရေးယူခံရခြင်း မရှိဘဲ ရောင်းချနေကြောင်း ထိတ်လန့် ချောက်ချားဖွယ် သိရှိကြပြီးဖြစ်သည်။ သို့သော် အဆိုပါ ဈေးများတွင် ထိုကဲ့သို့ ဆက်လက်ရောင်းချနေကြချိန်တွင် မြန်မာနိုင်ငံတွင် ခြိမ်းခြောက်ခံနေရသော တောရိုင်းတိရစ္ဆာန်များအား ကုန်သွယ်မှုသည် ကျန်သောအခြားစီးပွားရေးလုပ်ငန်းများနှင့်အတူ အွန်လိုင်းပေါ်သို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာခဲ့သည်။

မြန်မာနိုင်ငံတွင် “အွန်လိုင်း”ဆိုသည်မှာ အဓိကအားဖြင့် Facebook ကိုဆိုလိုသည်။ ထိုလူမှုမီဒီယာပလက်ဖောင်း သည် နိုင်ငံ၏ အွန်လိုင်းဈေးကွက်၊ လူမှုဆိုင်ရာဗဟိုချက်နှင့် သတင်းအချက်အလက်စုဆောင်းရာနေရာတစ်ခုအဖြစ် တစ်ပြိုင်တည်းနေရာယူခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီတွင် Facebook သုံးစွဲသူ ၂၈.၇ သန်းကျော်ရှိရာ နိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်နှင့် ညီမျှနေသည်။ တရားမဝင် တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုအချို့သည် အခြားနေရာများတွင် dark web ပေါ်တွင်သာ ရောင်းဝယ်ဖောက်ကားနေကြသော်လည်း မြန်မာနိုင်ငံတွင်မူ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နေကြသည်။ ဝယ်ယူသူများနှင့်ရောင်းချသူများသည် ဥပဒေအရကာကွယ်ပေးထားသော တောရိုင်းတိရစ္ဆာန်များအား  လူတိုင်းအလွယ်တကူဝင်ရောက်နိုင်သည့် Facebook ဂရုများ၌ လွတ်လွတ်လပ်လပ် ရောင်းဝယ်နေကြပြီး ရောင်းချသည့်ပစ္စည်းများအား တစ်စိတ်တစ်ပိုင်းပင် မြင်ရသည့် အထုပ်အပိုးများဖြင့် ပြီးစလွယ်ထုတ်ပိုး၍ အများပြည်သူ သုံးဘတ်စ်ကားများဖြင့် မကြာခဏဆိုသလို ပို့ဆောင်နေကြသည်။ ထိုကုန်သွယ်မှုသည် ဇီဝမျိုးစုံမျိုးကွဲတို့အား ခြိမ်းခြောက်နေရုံသာမက ကမ္ဘာလုံးဆိုင်ရာ အများပြည်သူကျန်းမာရေးကိုလည်း ခြိမ်းခြောက်နေသည်။ အဘယ်ကြောင့်ဆိုသော် တောရိုင်းတိရစ္ဆာန်များမှ တစ်ဆင့် လူသားများထံသို့ ကူးစက်တတ်သော ရောဂါပိုးများသည် ကူးစက်ပျံ့ပွါးမှုသစ်များနှင့် ကပ်ရောဂါများ၏ အဖြစ်အများဆုံး ရင်းမြစ်တစ်ခုဖြစ်နေခြင်းကြောင့် ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ဖြစ်သော WWF က ထုတ်ပြန်ခဲ့သော စောင့်ကြည့်မှုအရ အဆိုပါ ထိခိုက်နစ်နာစေသောကုန်သွယ်မှုသည် ၂၀၂၁ ခုနှစ်တွင် အရှိန်အဟုန်ဖြင့် မြင့်တက်ခဲ့ကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် Facebook ပေါ်၌ တောရိုင်းတိရစ္ဆာန်ထုတ်ကုန်များအား ရောင်းချရန် ကြော်ငြာသည့်အကြိမ်ရေသည် ၂၀၂၁ ခုနှစ်၌ ၇၄ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပြီး အမည်မဖော်သောကုန်သည်များက Facebook အား အသုံးပြုမှုအရေအတွက်သည် ၆၉ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ကြောင်း စောင့်ကြည့်အဖွဲ့က မှတ်တမ်းတင်နိုင်ခဲ့သည်ဟု WWF က ယခုလတွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ခု၌ ဖော်ပြခဲ့သည်။ မှတ်တမ်းတင်နိုင်ခဲ့သော ထိုအရောင်းပို့စ်များ၏ လေးပုံသုံးပုံကျော်သည် ငှက်များအား ရောင်းချခြင်းဖြစ်ပြီး နို့တိုက်သတ္တဝါများအား ရောင်းချရန် ကြော်ငြာပို့စ်အရေအတွက်သည် ၂၀၂၀ ပြည့်နှစ်နှင့်ယှဉ်လျှင် ၂၄၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုသည် အဆိုပါ တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုကို မြင့်တက်စေခြင်း၏ အကြောင်းရင်းတစ်ခုဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသောပဋိပက္ခများနှင့်  ပြည်သူ့ဝန်ထမ်းများ၏ အလုပ်ထွက်ဆန္ဒပြမှုများသည် နိုင်ငံ၏ အားလျော့နေနှင့်ပြီးဖြစ်သော တောရိုင်းတိရစ္ဆာန်ဆိုင်ရာ ဥပဒေများ၏ သက်ရောက်နိုင်စွမ်းကို ပို၍လျော့နည်းသွားစေသည်။ သို့ရာတွင် အွန်လိုင်းပေါ်ရှိ ကုန်သွယ်မှုဆိုင်ရာ ကိန်းဂဏန်းအရေအတွက်များသည် အချိန်ကြာကြာ တဟုန်ထိုး မြင့်တက်နေသည်။ အစောပိုင်းရှိ WWF ၏ စစ်တမ်းများအရ တောရိုင်းတိရစ္ဆာန်ထုတ်ကုန်များ ရောင်းချရန် ကြော်ငြာမှုများသည် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း နှစ်ဆကျော်မြင့်တက်လာပြီး ကုန်သည်အရေအတွက်မှာလည်း သုံးဆကျော် ရှိလာခဲ့သည်။

အဆိုပါ တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုများသည် မြန်မာနိုင်ငံအား ထိခိုက်ပျက်စီးသွားစေသည့် ကိုဗစ်-၁၉ ကပ်ရောဂါ အပါအဝင် နိုင်ငံ၏ ကသောင်းကနင်းဖြစ်နေသော အခြေအနေများမှ အကြီးအကျယ် ကင်းလွတ်ခွင့်ရနေကြောင်း ၂၀၂၁ ခုနှစ် အတွင်း မြင့်တက်လာသော ကုန်သွယ်မှုပမာဏက ထောက်ပြနေသည်။ စစ်အာဏာသိမ်းမှုနှင့် ဆက်စပ်၍ လောလောလတ်လတ် ဖြစ်ပေါ်နေသော ကသောင်းကနင်းဖြစ်မှုများတွင် အင်တာနက်ရရှိမှု ဖြတ်တောက်ခြင်း၊ Facebook အသုံးပြုမှု တားမြစ်ခြင်းနှင့် ထိုမှတစ်ဆင့် Virtual Private Networks (VPN) ကို တွင်တွင်ကျယ်ကျယ်အသုံးပြုရခြင်း စသည်တို့ ပါဝင်သည်။

၂၀၂၁ ခုနှစ်အတွင်း တိရစ္ဆာန်မျိုးစိတ်ပေါင်း ၁၇၃ မျိုး ရောင်းဝယ်ဖောက်ကားခံရပြီး ၎င်းတို့အနက် ၅၄ မျိုးမှာ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး အန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ (IUCN) ၏ ခြိမ်းခြောက်ခံရသော အနီရောင်အဆင့်ရှိ မျိုးစိတ်များစာရင်းအရ သိရသည်။ ၎င်းတို့မှာ အာရှလိပ်​ကြီး၊ မလေး နှင့် တရုတ် သင်းခွေချပ်မျိုးစိတ်များ တို့ပါဝင်သည်။ ဆင်စွယ်နှင့်အရေခွံများအတွက် အရောင်းပို့စ်များကိုလည်း စောင့်ကြည့်သူများက ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ရှိခဲ့ပြီး ယခင်စစ်တမ်းများအရ ဝက်ဝံများအား ရောင်းချသော ပို့စ်များမှာ သိသိသာသာမြင့်တက်လာကြောင်းလည်း သိရသည်။

ပို့စ်များနှင့် အများပြည်သူမှတ်ချက်(comment)များမှတစ်ဆင့် စောင့်ကြည့်သူများ တွေ့ရှိချက်များအရ  အရောင်းပို့စ်များ၏ ၉၆ ရာခိုင်နှုန်းမှာ တိရစ္ဆာန်အရှင်များ ရောင်းချခြင်းဖြစ်ပြီး ၈၇ ရာခိုင်နှုန်းမှာ တောရိုင်းတိရစ္ဆာန်များဖြစ်ကြောင်း သိရှိရသည်။ အရောင်းပို့စ်အများစုမှာ သက်ရှိအိမ်မွေးတိရစ္ဆာန်များအဖြစ် မွေးမြူရန် သို့မဟုတ် မျိုးပွားရန် အတွက်ရောင်းခြင်းဖြစ်သည်။

တိရစ္ဆာန် အသေများ သို့မဟုတ် ၎င်းတို့၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများ သို့မဟုတ် ထိုမှတစ်ဆင့် ထပ်မံပြုလုပ်ထားသော ပစ္စည်းများ ပါဝင်သည့် သက်မဲ့ ပစ္စည်းများသည် တိုင်းရင်းဆေး ဖော်စပ်ရာတွင်အသုံးပြုရန် သို့မဟုတ် အဆင်တန်ဆာများအဖြစ် ဆင်မြန်းရာတွင် အသုံးပြုကြပြီး တောရိုင်းအသားအဖြစ် စားသုံးကြသည်က နည်းပါးသည်။ တောကောင်သားရောင်းရန်ရှိကြောင်း ကြော်ငြာပြီး မိနစ်ပိုင်းအတွင်း ရောင်းထွက်လေ့ရှိကြောင်း စောင့်ကြည့်သူများက သတိပြုမိကြပြီး ရောင်းချရာတွင် တောကြောင်နှင့် သင်းခွေချပ် အသားများ ပါဝင်ကြောင်းသိရှိရသည်။ ၂၀၀၂ ခုနှစ်၊ SARS ရောဂါ ဖြစ်ပွားမှုနောက်ကွယ်တွင် ကြောင်ကတိုးများသည် ဗိုင်းရပ်ပိုး၏ ကြားခံ လက်ခံကောင်ဖြစ်ခဲ့ပြီး ကိုဗစ်-၁၉ ကဲ့သို့သော ကိုရိုနာဗိုင်းရပ်ပိုးများသည် သင်းခွေချပ်များတွင် ခိုအောင်းနေသည်ကို တွေ့ရှိခဲ့သည့် အတွက် ဤအခြင်းအရာသည် အထူးစိုးရိမ်ဖွယ် အကြောင်းအရာတစ်ရပ်ပင် ဖြစ်နေသည်။

မြန်မာအာဏာပိုင်များတွင် အရင်းအမြစ်များနှင့် ဥပဒေဆိုင်ရာ နည်းပညာများ ချို့တဲ့နေပြီး တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုကို အွန်လိုင်းနှင့် အော့ဖ်လိုင်းတွင် ပြည့်ပြည့်ဝဝ ထိန်းသိမ်းကြပ်မတ်ရန် စိတ်ဆန္ဒပြင်းပြမှု အားနည်းနေချိန်တွင် Facebook သည် မကြာသေးမီနှစ်များအတွင်း ၎င်း၏ ဝန်ထမ်းများ သို့မဟုတ် အမှီအခိုကင်းသော စောင့်ကြည့်သူများက ဖော်ထုတ်တွေ့ရှိခဲ့သော Facebook ပလက်ဖောင်းပေါ်ရှိ အရောင်းပို့စ်များနှင့် ကုန်သွယ်မှုအုပ်စုများကို ဖယ်ရှားခဲ့ခြင်းဖြင့် တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုနှင့် သက်ဆိုင်သော လှုပ်ရှားမှုအချို့ကို အရေးယူခဲ့သည်။ ဤလုပ်ဆောင်ချက်သည် အွန်လိုင်းပေါ်တွင် တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှု ရပ်တန့်ရေး မဟာမိတ်ဟုခေါ်သော တွင်တွင်ကျယ်ကျယ်ဆောင်ရွက်နေသည့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းပင် ဖြစ်သည်။ အဆိုပါ လှုပ်ရှားမှုကို WWF နှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှု စောင့်ကြည့်လေ့လာရေး အဖွဲ့ (TRAFFIC) နှင့် အပြည်ပြည်ဆိုင်ရာ တိရစ္ဆာန်သက်သာချောင်ချိရေး ရန်ပုံငွေအဖွဲ့ (IFAW) တို့သည် Facebook၊ Google၊ Alibaba နှင့် eBay အပါအဝင် နည်းပညာကုမ္ပဏီများနှင့် ပူးပေါင်းကာ ၂၀၁၈ ခုနှစ်တွင် စတင် အကောင်ထည်ဖော်ခဲ့သည်။

အဆိုပါ မဟာမိတ်အဖွဲ့၏ ၂၀၂၁ ခုနှစ်အတွင်း လှုပ်ရှားမှုဆိုင်ရာ တင်ပြချက်တွင် ၎င်းတို့သည် စတင်လှုပ်ရှားဆောင်ရွက်ချိန်မှစ၍ ကာကွယ်ထားသောတောရိုင်းတိရစ္ဆာန်များအား ရောင်းရန် ကြော်ငြာထားသော စာရင်းနှင့် ပို့စ်ပေါင်း ၁၁.၆ သန်းကျော်ကို ဖယ်ရှားခဲ့ကြောင်း ဖော်ပြထားသည်။ သို့သော် မြန်မာနိုင်ငံတွင်မူ တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှု တိုးမြင့်လာသည်နှင့်အမျှ ၎င်းတို့ ထိန်းချုပ် ဟန့်တားနိုင်ခြင်းမရှိခဲ့ပေ။ Facebook မှ တားမြစ်ထားသော တောရိုင်းတိရစ္ဆာန်ကုန်သည်များသည် ၂၀၂၁ ခုနှစ်တွင် ပြန်လည်ပေါ်ပေါက်လာပြီး ကုန်သွယ်မှု အဖွဲ့များသည်လည်း ပြန်လည်ဖွဲ့စည်းလာကြောင်း WWF မှ သတိပြု တွေ့ရှိခဲ့သည်။ ထိုကဲ့သို့ ဖြစ်ပေါ်နေခြင်းသည် Facebook မှ တားမြစ် ဖယ်ရှားမှုများက whack-a-mole ဂိမ်းတစ်ခုကဲ့သို့ ထိန်းချုပ်နိုင်တော့မည့်အနေအထားသို့ ရောက်ရှိလိုက် ပြန်လည်ပေါ်ပေါက်လာလိုက် ဖြစ်နေသည်ကို ညွှန်ပြနေသည်။

အွန်လိုင်းပေါ်တွင် တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုသည် ယဉ်ပါးလာပါက Facebook သည် ၎င်း၏ စောင့်ကြည့်မှုနှင့် မူဝါဒများသာမက တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုနှင့် ဆက်စပ်သော ဒေသန္တရဘာသာစကားများ နှင့် ရုပ်ပုံများပါဝင်သည့် တောရိုင်းတိရစ္ဆာန်ဆိုင်ရာ အရောင်း ပို့စ်များကို အလိုအလျောက် စုံစမ်းဖော်ထုတ်ခြင်း စနစ်များကိုပါ တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း WWF ၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။ မြန်မာ့ တောရိုင်းတိရစ္ဆာန်များကို ပို၍ မပျက်စီးမီ သို့မဟုတ် တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုမှတစ်ဆင့် အခြားသော ကမ္ဘာ့ကပ်ရောဂါကြီး ထပ်မံ မဖြစ်လာပေါ်လာစေရေးအတွက် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုကို  အဆင့်တိုင်းတွင် ဟန့်တားဆောင်ရွက်နိုင်ရန်အလို့ငှာ သယ်ယူပို့ဆောင်ရေး နှင့် ငွေကြေး အပါအဝင် ကဏ္ဍမျိုးစုံရှိ အဖွဲ့အစည်းများ နှင့် ကုမ္ပဏီများအကြား ပိုမို ပူးပေါင်းဆောင်ရွက်ကြရန် အဆိုပါ အစီရင်ခံစာက တိုက်တွန်းထားသည်။

ဓာတ်ပုံ - Stock Photography / Shutterstock

နောက်တစ်ခု မှော်ဆန်သော သစ်တောများ - မြန်မာနိုင်ငံ၏ သဘာဝရာသီဥတုအား စောင့်ရှောက်နေသူ